အာဆင်နယ်အသင်းရဲ့ ကွင်းလယ် ကစားသမား ဂွန်ဒူဇီဟာ ပြီးခဲ့တဲ့ စနေနေ့ညက ဘရိုက်တန် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဘရိုက်တန် ကစားသမား မူပေးရဲ့ လည်ပင်ကို ညှစ်ခဲ့ပေမဲ့လည်း ဘာပြစ်ဒဏ်မှ ချမှတ်ခံရမှာ မဟုတ်ဘူးလို့ Skysports သတင်းက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။ ကွင်းလယ်လူ ဂွန်ဒူဇီကတော့ ဘရိုတန်အသင်းကို အဝေးကွင်းမှာ (၂-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပြီးမှာ ဘရိုက်တန် တိုက်စစ်မှူး မူပေးကို လည်ပင်ညှစ်ခဲ့တာ ဖြစ်ပြီး ပြစ်ဒဏ် တစ်စုံတစ်ရာ ချမှတ်ခံရမယ့် အနေအထားမှာ ရှိနေပေမယ့်လည်း ဘာပြစ်ဒဏ်မှ ချမှတ်မခံရမှာ ဖြစ်ပါတယ်။

Photo Credit: Skysports

ဘောလုံး အဖွဲ့ချုပ် (FA) က ကွင်းလယ်ဒိုင် အနေနဲ့ ကစားသမားတွေ အချင်း များတဲ့ အချိန်မှာ ဂွန်ဒူဇီရဲ့ လုပ်ရပ်ကို မမြင်ခဲ့တာ ဖြစ်ပြီး VAR ကို ကြည့်တဲ့ အချိန်မှာလည်းပဲ ပြစ်ဒဏ် တစ်ခုမှ မချမှတ်ခဲ့တာကြောင့် ဂွန်ဒူဇီကို နောက်ထပ် ပြစ်ဒဏ် မချမှတ်ဘူးလို့ အတည်ပြုသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ သာမန်ပွဲကစားချိန် မိနစ် (၉၀) အထိ ဘရိုက်တန်အသင်းနဲ့ သရေကျနေခဲ့ပေမယ့်လည်း နာကျင် အချိန်ပို အတွင်းမှာ ဘရိုက်တန် တိုက်စစ်မှူး မူပေးရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ (၂) ပွဲဆက်တိုက် ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Skysports

တိုက်စစ်မှူး မူပေးဟာ ပထမပိုင်းမှာ လေပေါ်က ဘောလုံးကို ရယူနိုင်ဖို့ ကြိုးစားတဲ့ အချိန်မှာ အာဆင်နယ်အသင်းရဲ့ အဓိက ဂိုးသမား လီနိုကို ဒူးဒဏ်ရာ ရရှိစေခဲ့တာကြောင့် အာဆင်နယ် ဂိုးသမား လီနိုအနေနဲ့ ပွဲချိန် (၃၆) မိနစ်မှာ ကွင်းထဲကနေ ထမ်းဆင်နဲ့ သယ်ထုတ်ခံခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာ ကစားသမားတွေ များနေပြီး ကွင်းလယ်လူ ဇာခါ နဲ့ နောက်ခံလူ မာရီတို့က မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့ကြသလို နောက်ခံလူ လူးဝစ်ကလည်း အနီကဒ်ကြောင့် လာမယ့် ပွဲစဉ်ကို ဆက်လက် လွဲချော်ရဦးမှာ ဖြစ်ပါတယ်။