ယခု နွေဈေးကွက် အတွင်းမှာပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ကနေ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မာဆေးလ်ဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့တဲ့ ပြင်သစ် ကွင်းလယ်လူ ဂွမ်ဒူဇီကတော့ သူဟာ အာဆင်နယ် ကနေ ထွက်ခွာခဲ့မိလို့သာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားခွင့် ရနေတာ ဖြစ်ကြောင်း ပြောကြားရင်း အသင်းဟောင်း အာဆင်နယ်ကို ခနဲ့သွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဗဟိုကွင်းလယ်လူ ဂွမ်ဒူဇီက ၂၀၁၈ခုနှစ်မှာပဲ ပြင်သစ်ကလပ် လိုရီးယန့်ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၈သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အာဆင်နယ် အတွက် ကစားပေးခဲ့တဲ့ ၂ရာသီ အတွင်းမှာ ၈၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါပေမယ့် ဂွမ်ဒူဇီက လက်ရှိ အာဆင်နယ်နည်းပြ အာတီတာနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မာဆေးလ်ဆီ တရာသီအငှား + ရာသီကုန်ရင် အပြီးသတ် ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ဂွမ်ဒူဇီဟာ မာဆေးလ်ဆီ ရောက်ရှိပြီးနောက် သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့တာကြောင့် မာဆေးလ်က ယခု နွေဈေးကွက် အတွင်းမှာ ဂွမ်ဒူဇီကို ပြောင်းရွှေ့ကြေး ယူရို ၁၁သန်းနဲ့ အမိအရ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ဂွမ်ဒူဇီက မာဆေးလ်ဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သလို အသင်းကိုလည်း ယခုနှစ် ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ကူညီထားနိုင်ပါတယ်။

Photo Credit: Goal

ယနေ့ညမှာတော့ ဂွမ်ဒူဇီရဲ့ မာဆေးလ်က ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ အဖြစ် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပြီး အဆိုပါပွဲစဉ် မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဂွမ်ဒူဇီက သူဟာ အာဆင်နယ်မှာသာ ဆက်နေရင် ပြည်တွင်းပြိုင်ပွဲတွေပဲ ကစားရဖို့ ရှိကြောင်းနဲ့ ယခုလို အသင်းပြောင်းခဲ့တာကြောင့်သာ ချန်ပီယံလိဂ် ကန်ခွင့်ရတာပါလို့ ပြောကြားသွားခဲ့ပါတယ်။

ဂွမ်ဒူဇီက – “တကယ်လို့ ကျွန်တော်သာ အာဆင်နယ်မှာ ဆက်ကစားနေရင် ပြည်တွင်းပြိုင်ပွဲတွေပဲ ကစားနေရပါလိမ့်မယ်။ ကျွန်တော်က မာဆေးလ်ဆီ ပြောင်းလာတာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားချင်တာကြောင့်ပါ” လို့ ပြောကြားသွားရင်း အသင်းဟောင်း အာဆင်နယ်ကို ခနဲ့သွားခဲ့တာပါ။