ပြီးခဲ့တဲ့ကြားရက်က ကျင်းပသွားခဲ့ မန်စီးတီးအသင်းနဲ့ ပေါ်တိုအသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အတွင်းမှာ ပေါ်တိုအသင်းက ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပေမယ့် မန်စီးတီးဘက်က အဂူရို ဂန်ဒိုဂန် ဖယ်ရန်တောရက်စ်တို့ရဲ့သွင်းဂိုးတွေနဲ့ နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့ကာ တာထွက်လှခဲ့ပါတယ်။ ပေါ်တိုအသင်းက ဒီပွဲစဉ်မှာ စတင်ဦးဆောင်ပြီးမှ အရေးနိမ့်ခဲ့ရလို့ စိတ်ပျက်ခဲ့ရသလို ပေါ်တိုနည်းပြကွန်ဆီကာအိုပါ မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ပတ်သက်ပြီး စိတ်ညစ်စရာတွေ ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ပေါ်တူဂီအသင်းရဲ့ကစားသမားဟောင်းဖြစ်ခဲ့ဖူးပြီး လက်ရှိမှာလည်း ပေါ်တိုအသင်းကို ကိုင်တွယ်လို့နေတဲ့ ကွန်ဆီကာအိုဟာ ဂွာဒီယိုလာရဲ့မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားခဲ့ရပြီး ဂွာဒီယိုလာနဲ့လည်း ပြသာနာအနည်းငယ်ဖြစ်ခဲ့ရပါတယ်။ ဂွာဒီယိုလာရဲ့အပြုအမှုတွေနဲ့ပတ်သက်ပြီး ကွန်စီကာအိုက “ကျွန်တော် ပတ်ဆီကနေ အများကြီးကို သင်ယူလိုက်ရတယ်။ သူရဲ့ကွင်းလယ်ဒိုင်အပေါ် ဖိအားပေးမှုတွေ ပြိုင်ဘက်ကစားသမားတွေရဲ့အပေါ်မှာ ပြောဆိုမှုတွေကိုပေါ့။ ဒါတွေကို သူ့ဆီကနေ ကျွန်တော် တော်တော်လေးကို သင်ယူလိုက်ရတယ်”

Photo Credit : Goal

“သူက အရမ်းကို ဆိုးရွှားလွန်းတဲ့ စကားလုံးတွေကို သုံးစွဲပြီးတော့ ကျွန်တော်တို့နိုင်ငံ(ပေါ်တူဂီ)အကြောင်းကိုပါ ပြောသွားသေးတယ်။ ဂွာဒီယိုလာရဲ့အပြုအမှုတွေကတော့ တကယ့်ကို စိတ်ပျက်လွန်းစရာကောင်းပါတယ်။ သူက ပွဲမတိုင်ခင်ကတည်းက ကျွန်တော်တို့အသင်းရဲ့ကွင်းဘေးစည်းမှာ ရှိနေကြတဲ့သူတွေရဲ့ အကြောင်းတွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားတာ။ ဒီလိုတွေ ပြောဆိုထားတဲ့အတွက် တစ်ခုခုဆိုရင် ကျွန်တော်တို့ဘက်ကပဲ အလွန်လို့ ထင်နေကြမှာပါ။ ကျွန်တော်တို့ကလည်း ပင်နယ်တီ မသတ်မှတ်ခင်မှာ ကျွန်တော်တို့အသင်းသားတစ်ယောက် ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတာကို ဒိုင်ဆီ ကျွန်တော်စောဒကတတ်ခဲ့တယ်။ ဒါပေမယ့် ကွင်းအတွင်းမှာ တာဝန်ယူနေကြတဲ့ ဒိုင်တွေရော VAR ကို စစ်ဆေးနေရတဲ့ ဒိုင်တွေပါ ပေါ်တူဂီဘာသာစကားကို သင်ယူထားသင့်တယ်လို့ ကျွန်တော်ထင်တယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဂွာဒီယိုလာကတော့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ သူ့ကိုဝေဖန်ခဲ့တဲ့ ကွန်ဆီကာအိုရဲ့အကြောင်းကို လုံးဝထုတ်ဖော်ပြောဆိုခြင်းမရှိပဲ ပေါ်တိုအသင်းရဲ့ခံစစ်ကစားပုံကိုသာ အနည်းငယ်ဝေဖန်သွားခဲ့ပါတယ်။ ဂွာဒီယိုလာဟာ ကမ္ဘာကျော်ဘောလုံးနည်းပြတစ်ယောက်ဖြစ်ပေမယ့်လည်း တစ်ခါတစ်လေမှာ သူရဲ့အပြုအမှုတွေက မထင်မှတ်ထားလောက်အောင် ဆိုးရွှားတတ်လို့ သူနဲ့တွဲဖက်ခဲ့ဖူးတဲ့ ကစားသမားဟောင်းတွေကပါ သူရဲ့စိတ်နေသဘောထားကို ဝေဖန်ထားခဲ့ကြပါတယ်။