ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ အသင်းဟောင်း ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေမှုအား ထောက်ခံစကား ပြောကြားသွားခဲ့ပါတယ်။

တချိန်က ဂွာဒီယိုလာရဲ့ ဦးဆောင်မှုနဲ့ အတူ ဥရောပရဲ့ ပြိုင်ဘက်ကင်း အသင်းတသင်း အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာတော့ အသင်းရဲ့ သမိုင်းတလျှောက် အဆိုးဝါးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရသလို မကြာသေးမီကလည်း အသင်းရဲ့နည်းပြ ရော်နယ် ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

Photo Credit: AS English

ဘာစီလိုနာအသင်းဟာ ရော်နယ် ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသင်းကို ယခင်ကလို အောင်မြင်မှုတွေ ပြန်လည် ရယူပေးဖို့ အတွက် အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပြီး ဇာဗီကလည်း ဘာစီလိုနာအသင်းကို ကိုင်တွယ်ချင်နေပါတယ်။

ဘာစီလိုနာအသင်းနဲ့ စပိန်အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဇာဗီဟာ ဂွာဒီယိုလာရဲ့ ဦးဆောင်မှုနဲ့အတူ ဘာစီလိုနာအသင်းရဲ့ ရွှေခေတ်ကို ထုဆစ် ပုံဖော်ပေးခဲ့တဲ့ ကစားသမားတွေထဲက တဦး ဖြစ်သလို လက်ရှိမှာလည်း ကာတာကလပ် အယ်ဆတ်အသင်းကို ၂နှစ် အတွင်း ဆုဖလား ၇လုံး အထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ နည်းပြ အရည်အသွေးကို ပြသထားနိုင်ပါတယ်။

Photo Credit: AS English

ဒါကြောင့်ပဲ ဘာစီလိုနာအသင်းဟာ ဇာဗီကို သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်း တဦး ဖြစ်သလို ဇာဗီရဲ့ ဆရာလည်း ဖြစ်တဲ့ ဂွာဒီယိုလာ ကတော့ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်မယ့် ဘာစီလိုနာအသင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံသွားခဲ့သလို ဇာဗီဟာ ထိပ်တန်း နည်းပြတဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ ဇာဗီက ဘာစီလိုနာအသင်းရဲ့ နည်းပြရာထူးကို ရယူနိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ သူက ဘာစီလိုနာအသင်းရဲ့ အကြောင်းကို ကောင်းကောင်း သိတဲ့ လူပါ။ ဒီအချက်က အတော်လေး အရေးကြီးပါတယ်။ သူက ပွဲတပွဲရဲ့ အကြောင်းကို နားလည်တယ်။ ပြီးတော့ အောင်မြင်မှုတွေကို ဆာလောင်တယ်။ ကျွန်တော် ဘာစီလိုနာအသင်းကို စပြီး ကိုင်တွယ်တုန်းက သူ့လောက်တောင် အတွေ့အကြုံ မများသေးပါဘူး။ ကျွန်တော်ရော ၊ ကိုးမန်းရော ၊ ဇာဗီရော ၊ ဘာဟွမ်ရော (လက်ရှိ ဘာစီလိုနာ ယာယီနည်းပြ) ဘာစီလိုနာအသင်းကို ဘယ်လို တည်ဆောက်ရမလဲ ဆိုတာ ကောင်းကောင်းကြီး သိကြတဲ့ လူတွေချည်းပါပဲ။ ဇာဗီက တကယ်ကို တော်ပါတယ်။ တကယ်လို့ ဇာဗီကသာ ဘာစီလိုနာ အသင်းရဲ့ နည်းပြသစ် ဖြစ်လာမယ် ဆိုရင် အသင်းဟာ တဆင့်ပြီး တဆင့်နဲ့ အကောင်းဆုံး အနေအထားဆီ ပြန်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။