မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကတော့ ယနေ့ည (၁၁း၀၀) အချိန်၊ မန်ယူအသင်းနဲ့ ကစားသွားမယ့် ပွဲစဉ်မှာ မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ် ပါဝင်လာစေချင်ကြောင်း နဲ့ ပြိုင်ဘက်အသင်း လူစုံပြီး ပွဲထွက် လာတာကို လိုချင်ကြောင်း ManCity ဝက်ဆိုဒ်မှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ နောက်ကျော ဒဏ်ရာ ရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ အလယ်လောက်ကတည်းက မကစားနိုင်ခဲ့တော့တာကြောင့် နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်း အနေနဲ့လည်း အပြောင်းအရွေ့ ပိတ်ရက် မတိုင်ခင် တိုက်စစ်မှူး အီဟာလိုကို ခေါ်ယူခဲ့ရပါတယ်။

Photo Credit: Goal

မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ပွဲ ကစားပြီးတဲ့ အချိန်မှာ သွင်းဂိုး (၁၄) ဂိုး နဲ့ ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ခဲ့တာကြောင့် သွင်းဂိုး (၁၈) ဂိုးမှာ တိုက်ရိုက် ပါဝင်ပက်သက်ခဲ့ပြီး အသင်းအတွက် အရေးကြီးတဲ့ တိုက်စစ်မှူး ဖြစ်နေခဲ့ပါတယ်။ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ယနေ့ည မန်စီးတီးအသင်းနဲ့ ကစားရမယ့် မန်ချက်စတာ ဒါဘီပွဲကို နောက်ကျော ဒဏ်ရာကြောင့် လွဲချော်နိုင်ချေ ရှိပြီး မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကတော့ ယနေ့ည ပွဲစဉ်မှာ ရက်ချ်ဖို့ဒ်အနေနဲ့ ပါဝင် ကစားနိုင်ရင် ကောင်းမယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ပက် ဂွါဒီယိုလာဟာ သူ့ရဲ့ မန်စီးတီးအသင်း နဲ့ မန်ယူအသင်း ကစားသွားမယ့် ပွဲစဉ်မှာ ရက်ချ်ဖို့ဒ် မပါဝင်လာဘူး ဆိုရင် ပျော်မလားလို့ အမေးခံလိုက်ရတဲ့ အခါမှာ သူက “ကျွန်တော် နည်းပြ စလုပ်တဲ့ ပထမဆုံးနေ့ကနေ အမြဲတမ်း ပြောခဲ့တာက ပြိုက်ဘက်အသင်း လူစုံတာကို လိုချင်တယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ရီးရဲလ်အသင်းနဲ့ ကစားရင် ဟာဇက် ပါလာမယ်၊ စပါးအသင်းနဲ့ ကစားရင် ဟယ်ရီ ကိန်း ပါဝင် ကစားလာမယ် ဆိုရင် ကျွန်တော် ကြိုက်ပါတယ်။ ရက်ချ်ဖို့ဒ်အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည် သက်သာဖို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ကျွန်တော် ဘယ်သူတွေ ပါဝင်ကစားနိုင်မလဲ ဆိုတာကို ကြည့်ပါတယ်။ ကျွန်တော်က ဘာကိုမှ မထိန်းချုပ်နိုင်ပါဘူး”လို့ ManCity ဝက်ဆိုဒ်မှာ အခိုင်အမာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။