MySport Myanmar

ပြင်ဆင်ချိန် နည်းပေမယ့် ကွန်မြူနတီဒိုင်းကို အရယူမယ်လို့ ကြုံးဝါးလိုက်တဲ့ ဂွာဒီယိုလာ

ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ပပ် ဂွာဒီယိုလာက သူတို့အသင်းဟာ ရာသီကြို လေ့ကျင့်ခန်းတွေ သိပ်မလုပ်ခဲ့ရတာကြောင့် ခြေစွမ်းကောင်းတွေ ပြန်ရဖို့ ရုန်းကန်နေရပေမယ့် မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားမယ့် ကွန်မြူနတီဒိုင်းလုပွဲမှာ ချန်ပီယံ ဖြစ်အောင် ကြိုးစားသွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ကွန်မြူနတီဒိုင်းလုပွဲ အဖြစ် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူတို့အသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ယှဉ်လုခဲ့တဲ့ အာဆင်နယ်နဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ကွန်မြူနတီဒိုင်းလုပွဲကို ဝင်ဘလေကွင်းထဲမှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

Photo Credit: The Sun

မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်းအကောင်းဆုံး အသင်းတွေ ဖြစ်ကြသလို ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာ စီးတီးက အာဆင်နယ်ထက် ကစားသမား အင်အားပိုင်းမှာ ပိုမို သာလွန်ခဲ့ပေမယ့် အာဆင်နယ်က ဒီနွေဈေးကွက် အတွင်းမှာ တင်းဘား ၊ ကိုင် ဟားဗက်ဇ် ၊ ဒီကလန်ရိုက်စ်တို့လို အရည်အသွေးမြင့် ကစားသမားတွေကို ဝယ်ယူနိုင်ခဲ့တာကြောင့် သူတို့နှစ်သင်းကြားမှာ ကစားသမား အင်အားချင်း သိပ်မကွာတော့ပါဘူး။

ဒါကြောင့် ကွန်မြူနတီဒိုင်းလုပွဲမှာ ဘယ်အသင်းက အသာစီး ရသွားမလဲ ဆိုတာ ခန့်မှန်းရ ခက်ခဲနေပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက မန်ချက်စတာ စီးတီးဟာ အာဆင်နယ်ကို အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ စီးတီး နည်းပြချုပ် ဂွာဒီယိုလာကတော့ သူတို့အသင်းဟာ ရာသီကြို လေ့ကျင့်ခန်းတွေ သိပ်မလုပ်နိုင်ခဲ့တာကြောင့် ခြေစွမ်းကောင်းတွေ ပြန်ရဖို့ ရုန်းကန်နေရပေမယ့် ချန်ပီယံ ဖြစ်ချင်တဲ့ စိတ်ဓာတ်ကြောင့် ကွန်မြူနတီဒိုင်းကို ပိုင်ဆိုင်ခွင့် ရလိမ့်မယ်လို့ ယုံကြည်ထားကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ကျွန်တော်တို့က ကွန်မြူနတီဒိုင်း ချန်ပီယံ ဖြစ်ဖို့ ရည်မှန်းပြီး ကြိုးစား ကစားသွားမှာပါ။ ကျွန်တော်တို့က အာဆင်နယ်ထက် ၂ပတ် နောက်ကျပြီးမှ ရာသီကြို လေ့ကျင့်ခန်းတွေ လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အကောင်းဆုံး အနေအထားမျိုးကို မရောက်သေးပါဘူး။ ကျွန်တော်တို့က အရှိန်အဟုန်ကောင်းကောင်း ပြန်ရဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် ဒါက ဗိုလ်လုပွဲ တပွဲ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ချန်ပီယံစိတ်ဓာတ်က ဒီပွဲမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းတွေ အကောင်းဆုံး ဖြစ်လာအောင် ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version