ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ သူတို့အသင်းဟာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ မဖြစ်မနေ ကြိုးပမ်းသွားမယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးဟာ ဥရောပရဲ့ အင်အားကြီးအသင်းတွေထဲက တသင်း အဖြစ် သတ်မှတ်ခံထားရသလို ပွဲတိုင်းနီးပါး တဖက်အသင်း အပေါ် လွှမ်းမိုးကစားနိုင်စွမ်း ရှိပေမယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ပိုင်ဆိုင်ထားခြင်း မရှိပဲ တိုက်စစ်မှူးစစ်စစ် မရှိတဲ့ အကျိုးဆက်အနေနဲ့ တချို့ပွဲစဉ်တွေမှာ ဂိုးသွင်းဖို့ ခက်ခဲခဲ့တာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Marca

မန်ချက်စတာ စီးတီးဟာ စတာလင်း ၊ ဘာနာဒို ဆေးလ်ဗား ၊ မာရက်ဇ် ၊ ဂရီးလစ်ရှ် စတဲ့ ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် တိုက်စစ်ပိုင်းမှာတော့ ဂျီးဆပ် တဦးထဲသာ ရှိနေသလို ဂျီးဆပ်ကလည်း တိုက်စစ်မှူး စစ်စစ် တဦး မဟုတ်တာကြောင့် ဂွာဒီယိုလာက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ စပါးရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် စပါးဘက်က ဟယ်ရီကိန်းကို ရောင်းချဖို့ ငြင်းဆန်ခဲ့တာကြောင့် မန်ချက်စတာ စီးတီးအနေနဲ့ ယခုနှစ် ဘောလုံးရာသီကို တိုက်စစ်မှူး စစ်စစ် မပါပဲ ဖြတ်သန်းနေရတာ ဖြစ်ပြီး မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ သူတို့ဟာ လာမယ့် နွေဈေးကွက်မှာ တိုက်စစ်မှူး စစ်စစ် တဦးကို မဖြစ်မနေ ခေါ်ယူသွားမယ်လို့ မန်ချက်စတာဒါဘီ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ဂွာဒီယိုလာက – “ကျွန်တော်တို့အသင်းက တိုက်စစ်မှူးစစ်စစ် တဦးကို ကျိန်းသေပေါက် လိုအပ်တာပေါ့ဗျာ။ ကျွန်တော်တို့အသင်း နိုင်ပွဲတွေ ရနေသရွေ့ ခင်ဗျားတို့ကတော့ တိုက်စစ်မှူးမပါလည်း ကစားလို့ ဖြစ်တယ်လို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ မနိုင်တော့တဲ့ အခါကျရင် ခင်ဗျားတို့က တိုက်စစ်မှူး လိုနေပြီလို့ ပြောကြမယ်။ ဟုတ်တယ်မလား။ ခင်ဗျားတို့ သတင်းထောက်တွေပဲ ပြောကြတယ်လေ။ ပရီးမီးယားလိဂ်မှာ တိုက်စစ်မှူး မရှိပဲ ကစားလို့ မရဘူးဆို။ ဒါကြောင့် ကျွန်တော်တို့ကလည်း တိုက်စစ်မှူး စစ်စစ် တယောက် လိုပါသေးတယ်။ အသင်းကလည်း လာမယ့် နွေဈေးကွက်မှာ တိုက်စစ်မှူး စစ်စစ် တယောက်ကို ခေါ်ဖို့ ကြိုးစားလိမ့်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။