မန်ချက်စတာ စီးတီးအသင်းနည်းပြ ပက်ပ် ဂွာဒီယိုလာဟာ လာမယ့်နှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမားကြီး တိုနီကရူးစ်ကို မန်စီးတီးအသင်းဆီ ခေါ်ဆောင်သွားဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ဂျာမန် ကွင်းလယ်လူ ကရူးစ် နဲ့ နည်းပြ ဂွာဒီယိုလာတို့ နှစ်ဦးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အတူတကွ လက်တွဲခဲ့ဖူးသူတွေဖြစ်ပြီး ကရူးစ်ကလည်း ဂွာဒီယိုလာ စိတ်ကြိုက် ကစားသမားတစ်ဦး ဖြစ်ခဲ့ရပါတယ်။
Photo Credit : Goal
အသက် (၃၃)နှစ်အရွယ် ကမ္ဘာ့ထိပ်တန်း ကွင်းလယ်ကစားသမား ကရူးစ်ဟာ လာမယ့်နွေမှာ ရီးယဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းထပ်တိုးဖို့ကလည်း မသေချာသေးတာမို့ ဒီအခြေအနေကို ဂွာဒီယိုလာက အကောင်းဆုံး အသုံးချသွားချင်နေတာ ဖြစ်ပါတယ်။
တကယ်လို့ ကရူးစ် နဲ့ ရီးယဲလ်တို့သာ စာချုပ်သစ် မချုပ်ဆိုဖြစ်ခဲ့ဘူးဆိုရင် ဂွာဒီယိုလာက သူ့တပည့်ဟောင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး တစ်နှစ်လုပ်ခအတွက်ကိုတော့ ယူရို (၁၅)သန်းအထိ ပေးချေသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။
Photo Credit : SPORT
လက်ရှိ မန်စီးတီးအသင်းရဲ့ ကွင်းလယ်မှာ ဒီဘရိုင်းနား ရိုဒရီ ဘာနာဒိုဆေးလ်ဗား ကိုဗာဆစ် နူးနက်စ် ဖီးလစ်တို့လို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့်လည်း ကယ်လ်ဗင်ဖီးလစ်ကိုတော့ ရှင်းထုတ်သွားဖို့ ရှိနေပြီး ကရူးစ်လို ဝါရင့် ကစားသမားကြီးတစ်ဦးနဲ့ ပြန်လည် အားဖြည့်ဖို့ ရှိနေပါတယ်။
ကရူးစ်အနေနဲ့ကလည်း ကစားသမားဘဝက အနားမယူခင် ပရီးမီးယားလိဂ်လို ပရိသတ် စိတ်ဝင်စားမှု အများဆုံး ပြိုင်ဆိုင်မှု အကောင်းဆုံး လိဂ်ကြီးတစ်ခုမှာ လာရောက် ကစားသွားဖို့ ဆန္ဒရှိနိုင်တာဖြစ်လို့ ဒီအပြောင်းအရွှေ့က စောင့်ကြည့်သွားချင်စရာ ဖြစ်လာနိုင်ပါတယ်။