ပြိုင်ပွဲစုံ ပွဲပေါင်း(၁၉)ပွဲဆက်တိုက်ကို အနိုင်ရထားခဲ့တဲ့အပြင် အင်္ဂလန်ကလပ်အသင်းတွေထဲမှာ ဘယ်အသင်းမှ မပိုင်ဆိုင်ဖူးသေးတဲ့ ပြိုင်ပွဲစုံ အဝေးကွင်း (၁၂)ပွဲဆက်တိုက် အနိုင်ရယူထားတဲ့ စံချိန်ကောင်းတစ်ခုကိုပါ ပိုင်ဆိုင်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ပြည်တွင်းဆုဖလားတွေအပြင် သူတို့အသင်း တစ်ခါမှကို မဆွတ်ခူးဖူးသေးတဲ့ ဥရောပချန်ပီယံလိဂ်ဖလားကိုပါ ရယူသွားနိုင်ဖို့ အခြေအနေတယ်လို့ ပရိသတ်များဘက်ကနေ သတ်မှတ်ပြောဆိုနေကြပေမယ့် ဘိုင်ယန်မြူးနစ်အသင်းကသာ သူတို့ထက် ပိုရေပန်းစားတဲ့ အသင်းဖြစ်တယ်လို့ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

 

မန်စီးတီးအသင်းဟာ မနေ့ညက ကျင်းပသွားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အတွင်းမှာ မိုချန်ဂလာဘတ်အသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တာကြောင့် နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့က အခြေအနေကောင်းသွားခဲ့ရသလို လက်ရှိအသင်းဘက်က ပြသနေတဲ့ ပုံစံကောင်းတွေကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အထိ ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကသာ သူတို့အသင်းထက် ပိုပြီးရေပန်းစားတဲ့ ကလပ်အသင်းတစ်သင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

ဂွာဒီယိုလာက “ယေဘုယျအားဖြင့် ကျွန်တော်တို့က ဒီပွဲမှာ ပွဲကို ထိန်းချုပ်ကစားသွားနိုင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ အသင်းက တိုက်စစ်ပိုင်းမှာ သိပ်ပြီးအားကောင်းမောင်းသန် ဖြစ်မနေခဲ့ရဘူး။ ဒီလိုပြိုင်ပွဲမျိုးမှာဆိုရင် ကျွန်တော်တို့ဘက်က အစစအရာရာကို တိုးတတ်ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ အောင်မြင်မှုရဖို့ဆိုရင် အသင်းက ပြည့်စုံနေဖို့ လိုပါလိမ့်မယ်။ ဒီလိုအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ကြည့်မိလိုက်တယ်ဆိုရင် ကျွန်တော်တို့အသင်းကို ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းလို့ကို ကျွန်တော်မထင်မိတော့ဘူး။ လက်ရှိ ကျွန်တော်ရဲ့ပစ်မှတ်ကတော့ နောက်(၃)ရက်အကြာမှာ ကစားသွားရမယ့် ဝက်စ်ဟမ်းနဲ့ပွဲစဉ်ကိုပါပဲ။ ဒါပေမယ့် လူတွေဘက်ကနေ ကျွန်တော်တို့အသင်းလည်း ရေပန်းစားနေတယ်လို့ ပြောလာခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘက်ကတော့ ဒါကို လက်ခံရုံပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးလိုပဲ ဘိုင်ယန်မြူးနစ်ဟာလည်း ချန်ပီယံလိဂ်မှာ ထပ်မံဗိုလ်စွဲဖို့ အတော်လေးကို ရေပန်းစားလျက်ရှိနေပြီး လာဇီယိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာလည်း (၁)ဂိုး(၄)ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူထားခဲ့ကာ နောက်တစ်ဆင့်ကို တတ်လှမ်းဖို့ အခြေအနေကောင်းမွန်လို့နေပါတယ်။