မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကတော့ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ဘောလုံး ပြိုင်ပွဲ ရပ်နားနေရတဲ့ အချိန်မှာ ဘောလုံးကို သတိရတယ်လို့ ပြောခဲ့ပြီး လက်တလော ဖြစ်နေတဲ့ ကိုရိုနာ ဗိုင်းရပ် ရောဂါ ပြီးဆုံးသွားရင် အရင်ကထက် ပိုကောင်းတဲ့ အသင်းအဖြစ်နဲ့ ပြန်လာမယ်လို့ ကတိပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ အပတ်မှာ စပိန်နိုင်ငံက သူ့ရဲ့ နေရပ်မြို့အတွက် ကိုရိုနာ ဗိုင်းရပ် ရောဂါ တိုက်ဖျက်ဖို့ အမေရိကန် ဒေါ်လာ (၁.၁) သန်း လှူဒါန်းခဲ့ပြီး အခုအပတ် တနင်္လာနေ့က ဘောလုံး ပရိသတ်တွေ အားလုံးကို ဗီဒီယိုနဲ့ အားပေးစကား ပြောသွားခဲ့ပါတယ်။

Photo Credit: YahooSport

နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ မရပ်နားခင် အဆင့် (၁) နေရာက လီဗာပူးလ်အသင်းနဲ့ ရမှတ် (၂၅) မှတ် ကွာဟနေတော့ ပရီးမီးယားလိဂ် ဖလားကို (၃) နှစ်ဆက် ရရှိဖို့ မဖြစ်နိုင်တော့ဘဲ လက်ရှိမှာတော့ အဆင့် (၂) နေရာနဲ့သာ ကျေနပ်နိုင်ပါတယ်။ ဒါပေမဲ့လည်း တကယ်လို့ လက်ရှိရာသီ ဘောလုံး ပြိုင်ပွဲကိုသာ ဖျက်သိမ်းသွားမယ် ဆိုရင်တော့ နည်းပြ ပက် ဂွါဒီယိုလာဟာ နောက်ရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို (၃) နှစ်ဆက် ရနိုင်ဖို့ ကြိုးစားခွင့် ရရှိမှာ ဖြစ်ပြီး သူကတော့ အားလုံးကို အိမ်ထဲမှာ နေကြဖို့အတွက် မှာကြားခဲ့ပါတယ်။

Photo Credit: YahooSport

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက “ကျွန်တော် ဘောလုံးကို သတိရပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ရရှိခဲ့တဲ့ ဘဝတွေကို သတိရပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ရဲ့ သိပ္ပံပညာရှင်တွေ၊ ဆရာဝန်တွေ နဲ့ သူနာပြုတွေရဲ့ စကားကို နားထောင်နေရမယ့် အချိန်ပါပဲ။ ခင်ဗျားတို့ အားလုံးက ကျွန်တော့်ရဲ့ ဘောလုံးမိသားစုပါ။ ခင်ဗျားတို့တွေ အားလုံးကို ခံစားမှု ပို ကောင်းဖို့အတွက် ဘာမဆို ပြုလုပ်နိုင်သလောက် ပြုလုပ်သွားမှာပါ။ ကျွန်တော်တို့ ဒါပြီးရင် ပို အင်အားတောင့်တဲ့ အသင်း၊ ပို ကောင်းတဲ့ အသင်း၊ ပို ကြင်နာတဲ့ အသင်း အနေနဲ့ ပြန်လာပါမယ်။ နောက်ပြီး အနည်းငယ် ပို မြန်စွာ ပြန်လာပါမယ်။ အခုတော့ အိမ်မှာ နေကြပါ။ လုံခြုံအောင် နေကြပါ”လို့ ပြောသွားပါတယ်။