MySport Myanmar

ဖလား၃လုံး ချန်ပီယံဖြစ်ပြီးနောက် ရီးရဲလ်ကို သတိပေးစကား ပြောလိုက်တဲ့ ဂွာဒီယိုလာ

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပြိုင်ဘက် အင်တာမီလန်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ထားတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ဆုဖလား စံချိန်ကို လိုက်မှီအောင် ကြိုးစားသွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား စတဲ့ ဆုဖလား ၃လုံးစလုံးကို တပြိုင်နက်ထဲ ဆွတ်ခူးနိုင်ခဲ့တာကြောင့် အင်္ဂလန်နိုင်ငံမှာ ဆုဖလား ၃လုံးစလုံးကို တနှစ်ထဲ ရယူနိုင်ခဲ့တဲ့ ဒုတိယမြောက်အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Sky Sports

အင်္ဂလန်နိုင်ငံမှာ ဆုဖလား ၃လုံးစလုံးကို တနှစ်ထဲ ရယူနိုင်ခဲ့တဲ့ ပထမဦးဆုံးအသင်းက မန်ချက်စတာ စီးတီးရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ဖြစ်ပြီး မန်ချက်စတာ စီးတီးကပါ ဖလား ၃လုံးစလုံးကို တနှစ်ထဲ ရယူနိုင်ခဲ့တာကြောင့် အင်္ဂလန်နိုင်ငံမှာ ဖလား ၃လုံး ချန်ပီယံ ဖြစ်ဖူးတဲ့ အသင်းတွေကို မန်ချက်စတာမြို့မှာသာ မြင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဖလား ၃လုံး ချန်ပီယံ ဖြစ်ဖူးတဲ့ စံချိန်မှတ်တမ်းကို လိုက်မှီနိုင်ခဲ့ပြီးနောက် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ပပ် ဂွာဒီယိုလာက ချန်ပီယံလိဂ် ဆုဖလားကို ၁၄ကြိမ် အထိ ဆွတ်ခူးနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း အဖြစ် မှတ်တမ်းဝင်နေတဲ့ ရီးရဲလ်မက်ဒရစ်ကို အမှီ လိုက်ဖို့ ဆုံးဖြတ်ထားပြီး ဂွာဒီယိုလာက သူတို့အသင်းဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဖလားစံချိန်ကို အမှီလိုက်မှာ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ သက်တောင့်သက်သာ နေနေရင် သူတို့ရဲ့ ကျော်တက်မှုကို ခံရနိုင်တယ်လို့ သတိပေးသွားခဲ့ပါတယ်။

Photo Credit: Goal

ဂွာဒီယိုလာက – “ရီးရဲလ်မက်ဒရစ်ရေ သတိထားပြီး နေတော့ဟေ့။ မင်းတို့နဲ့ ငါတို့က ချန်ပီယံလိဂ်ဖလား ၁၃လုံး အထိ ကွာနေသေးပေမယ့် ငါတို့က မင်းတို့ကို အမှီလိုက်ဖို့ လာနေပြီ။ မင်းတို့တွေ နည်းနည်းလေး အိပ်လိုက်တာနဲ့ ငါတို့က မင်းတို့ကို လိုက်မှီလိမ့်မယ်။ သက်တောင့်သက်သာ နေဖို့ မစဉ်းစားနဲ့” ဆိုပြီး ရီးရဲလ်မက်ဒရစ်ကို သတိပေးစကား ပြောကြားသွားခဲ့တာပါ။

Exit mobile version