လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ သူတို့အသင်းရဲ့ မြင့်မားတဲ့ အသုံးစရိတ်နဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ ပြိုင်ဘက် လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကို တုံ့ပြန်မှုတွေ ပြန်လည် ပြုလုပ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ နောက်ခံလူ ကိုနာတေး တဦးထဲကိုသာ ခေါ်ယူထားတဲ့ အသင်းတသင်း ဖြစ်ပြီး ပရီးမီးယားလိဂ် အသင်းကြီး ၆သင်း အနက် အသုံးစရိတ် အနည်းဆုံး သုံးထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

တဖက်မှာတော့ မန်ချက်စတာ စီးတီး ၊ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ဟာ တန်ကြေးမြင့် ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ထားသလို စပါးအသင်းကလည်း ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကတော့ သူတို့အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေနဲ့ အခြား ထိပ်တန်း အသင်းကြီးတွေရဲ့ ဘဏ္ဍာရေး အနေအထားကို နှိုင်းယှဉ်ကာ မေးခွန်းထုတ်မှုတွေ ပြုလုပ်ခဲ့သလို ကိုဗစ်ကာလ အတွင်းမှာ ဘယ်ကနေ ရတဲ့ ပိုက်ဆံတွေနဲ့ တန်ကြေးမြင့် အပြောင်းအရွှေ့တွေကို ပြုလုပ်နေတာလဲ ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

Photo Credit: Sky Sports

လက်ရှိမှာတော့ ကလော့ပ်ရဲ့ ဝေဖန်မှုနဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကမှ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဂျက်ဂရီးလစ်ရှ်ကို ပေါင် ၁၀၀သန်းနဲ့ ခေါ်ယူထားတဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက ပြန်လည် ဖြေရှင်းမှုတွေ ပြုလုပ်ခဲ့သလို မကျေနပ်ရင် တရားရုံးသွားတိုင်လို့လည်း ခပ်ကြမ်းကြမ်း တုံ့ပြန်ခဲ့ပါတယ်။

ဂွာဒီယိုလာက – “တချို့ အသင်းပိုင်ရှင်တွေက အကျိုးအမြတ်ကိုပဲ လိုချင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ အသင်းပိုင်ရှင် ကတော့ အကျိုးအမြတ်ကို မမျှော်ကိုးပါဘူး။ ဒါကြောင့်ပဲ ကျွန်တော်တို့အသင်းက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတဲ့ အချိန်မှာ သူတို့က တိတ်ဆိတ်နေရတာပါ။ ဟိုးအရင်တုန်းက အသင်း ၁သင်း ဒါမှမဟုတ် ၂သင်းကပဲ ဒီလို ငွေကြေးသုံးစွဲမှုကို ပြုလုပ်ခဲ့ပါတယ်။ အေဗရာမိုဗစ်ချ်နဲ့ ရှိတ်မန်ဆော်တို့က ရင်းနှီးမြှုပ်နှံမှုတွေကိုပဲ ပြုလုပ်ချင်သူတွေပါ။ ဒီတော့ ပြဿနာက ဘာလဲ။ ကျွန်တော်တို့မှာလည်း အကန့်အသတ် ဆိုတာ ရှိပါတယ်။ တကယ်လို့ သူတို့က မကျေနပ်ရင်လည်း တရားရုံးမှာ သွားတိုင်ပေါ့” လို့ ခပ်ဆဆ တုံ့ပြန် ပြောဆိုခဲ့တာပါ။