မန်ချက်စတာ စီးတီးအသင်းနည်းပြ ပက်ပ် ဂွာဒီယိုလာကတော့ ဒီဈေးကွက်အတွင်းမှာပဲ ဘာစီလိုနာအသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိနေတဲ့ ဂျာမနီ ကွင်းလယ်ကစားသမား အီကိုင်းလ် ဂွန်ဒိုဂန်ကို အသင်းဆီကို ပြန်လည် ခေါ်ဆောင်သွားဖို့ စိတ်အားထက်သန်လျက် ရှိနေတယ်လို့ သိရပါတယ်။
အသက် (၃၃)နှစ်အရွယ် ဂျာမနီ ကွင်းလယ်လူ ဂွန်ဒိုဂန်ဟာ ပြီးခဲ့တဲ့နွေကမှ မန်စီးတီးကနေ ဘာစီလိုနာအသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းအတွက်လည်း ပြိုင်ပွဲစုံ (၅၁)ပွဲအထိ ပါဝင်ခဲ့သလို ဂိုးဖန်တီးမှု (၁၄)ကြိမ်နဲ့ သွင်းဂိုး (၅)ဂိုးအထိလည်း သွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit : Transfermarket
ဂွန်ဒိုဂန်ရဲ့ ဘာစီလိုနာ ကစားသမားဘဝ ပွဲဦးထွက်ရာသီက အဆင်ပြေတယ်လို့ ယူဆနိုင်ပေမယ့်လည်း လက်ရှိမှာ အသင်းက နည်းပြအပြောင်းအလဲ ဖြစ်ထားပြီး နည်းပြ ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ ဂွန်ဒိုဂန်ရဲ့ အနာဂတ်က လှုပ်ခတ်လာခဲ့ရတဲ့အပြင် အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ပါ တောင်းဆိုထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ဒါ့အပြင် ဒေးဗစ် အွန်စတိန်းနဲ့ ဖာဘရီဇီယို ရိုမာနိုတို့မှာလည်း ဂွန်ဒိုဂန်က ဒီဈေးကွက်အတွင်းမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ ဖော်ပြထားကြသလို ဂွန်ဒိုဂန်ကိုလည်း ဆော်ဒီကလပ် တူရကီကလပ်အသင်းတွေအပြင် သူ့အသင်းဟောင်း မန်စီးတီးကပါ စိတ်ဝင်စားနေတယ်လို့ ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။
Photo Credit : AS Diario
မန်စီးတီးကို ၂၀၁၆ခုနှစ်ကတည်းက ဒေါ့မွန်ကနေ ရောက်ရှိလာခဲ့ပြီး ပွဲပေါင်း (၃၀၀)ကျော်အထိ ကစားပေးခဲ့သလို အသင်းနဲ့လည်း ဆုဖလား အောင်မြင်မှု များစွာ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဂွန်ဒိုဂန်ဟာ စီးတီးအတွက် အရေးပါတဲ့ ကစားသမားနဲ့ အသင်းခေါင်းဆောင်ဟောင်းလည်း ဖြစ်ခဲ့ပြီး သူ့ကိုလည်း မန်စီးတီးဘက်က ပြန်လည် ခေါ်ယူသွားချင်နေပါတယ်။
အဓိကတော့ မန်စီးတီးရဲ့နည်းပြကြီး ဂွာဒီယိုလာက ဂွန်ဒိုဂန်ကို စီးတီးအသင်းဆီ ပြန်လာစေချင်နေပြီး မနေ့ကပဲ ဂွန်ဒိုဂန် အေးဂျင့်ဖြစ်သူကို ဆက်သွယ်မှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဘာစီလိုနာအနေနဲ့ကလည်း ဂွန်ဒိုဂန်သာ အသင်းကနေ ထွက်ခွာချင်တယ်ဆိုရင် ရောင်းချသွားဖို့ ရှိနေပြီး လက်ရှိမှာတော့ ဂွန်ဒိုဂန်က သူ့အနာဂတ်အတွက် သူကိုယ်တိုင် ဆုံးဖြတ်ရဖွယ်သာ ရှိနေပါတယ်။