ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ သူဟာ မန်ချက်စတာ စီးတီးအသင်း ကနေ ထွက်ခွာပြီးရင် နိုင်ငံအသင်းတွေကို ကိုင်တွယ်ချင်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၅၀အရွယ် စပိန်လူမျိုး ထိပ်တန်းနည်းပြ တဦး ဖြစ်သူ ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်း ၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့လို ဥရောပ ထိပ်သီးအသင်းတွေမှာ ဆုဖလားပေါင်း များစွာ ရယူနိုင်ခဲ့သူ တဦး ဖြစ်ပြီး ကမ္ဘာ့သမိုင်း တလျှောက် အကောင်းဆုံး နည်းပြတွေထဲက တဦးအဖြစ်လည်း သတ်မှတ်ခံထားရသူပါ။

Photo Credit: Sky Sports

လက်ရှိမှာ ဂွာဒီယိုလာဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် ပစ်မှတ်ထား ကြိုးစားနေပြီး အသင်းနဲ့ ၂၀၂၂ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။

ဒါပေမယ့် ဂွာဒီယိုလာက ယခုနှစ် ဘောလုံးရာသီအစမှာပဲ သူဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုတော့မှာ မဟုတ်ကြောင်း အတည်ပြုပေးခဲ့ပြီး စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ အတွက် နိုင်ငံလက်ရွေးစင် အသင်းတွေကို ကိုင်တွယ်ချင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Photo Credit: Sky Sports

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဂွာဒီယိုလာက သူဟာ မန်ချက်စတာ စီးတီးအသင်း ကနေ ထွက်ခွာပါက နိုင်ငံအသင်း တသင်းကို ကိုင်တွယ်ချင်ကြောင်း ထပ်မံ ပြောဆိုလာခဲ့ပြီး သူက ဘယ်အသင်းကို ကိုင်တွယ်မလဲ ဆိုတာကိုတော့ မစဉ်းစားရသေးဘူးလို့ ဆိုပါတယ်။

ဂွာဒီယိုလာက – “ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ။ မန်ချက်စတာ စီးတီးအသင်းနဲ့ လမ်းခွဲပြီးရင် ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကို ဝင်ရောက် ယှဉ်ပြိုင်ချင်ပါတယ်။ ကျွန်တော်က နိုင်ငံအသင်းရဲ့ နည်းပြတဦး ဖြစ်ချင်ပါတယ်။ ဒါပေမယ့် နိုင်ငံအသင်း တသင်းရဲ့ နည်းပြအလုပ်ကို ရှာဖို့ဆိုတာ မလွယ်ပါဘူး။ အားလုံးသိတဲ့ အတိုင်းပဲ နိုင်ငံအသင်းတွေရဲ့ နည်းပြတွေ နေရာမှာ လစ်လပ်နေတာက ရှားတယ်လေ။ ဒါကြောင့် နိုင်ငံအသင်း တသင်းရဲ့ နည်းပြရာထူးကို ရဖို့ ဆိုတာ ခက်ခဲမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က နိုင်ငံအသင်း တသင်းကို ကိုင်တွယ်ချင်တယ်။ ဒါပေမယ့် တကယ်လို့ အဲ့ဒီလိုမျိုး ဖြစ်မလာခဲ့ရင် ကလပ်အသင်း တသင်းကို နည်းပြချင်ပါတယ်။ ဒါပါပဲ။ အင်္ဂလန်မှာတော့ မန်ချက်စတာ စီးတီးအသင်း တသင်းထဲကိုပဲ နည်းပြသွားမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။