တရုတ်နိုင်ငံ ဝူဟန့်ပြည်နယ်ကနေ မြစ်ဖျားခံ ကူးစက်လာတဲ့ ကိုရိုနာဗိုင်းရပ်ဟာ လက်ရှိမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းဖြစ်တဲ့ WHO ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာ အဖြစ် သတ်မှတ်ခြင်းကို ခံထားရပြီး ကမ္ဘာ့နိုင်ငံ အတော်များများကိုလည်း ကူးစက်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာရှနိုင်ငံအတော်များများမှာ ကိုရိုနာဗိုင်းရပ်က ပြန့်ပွားနေသလို ဥရောပတိုက်မှာဆိုရင် အီတလီနိုင်ငံ တစ်နိုင်ငံလုံးအနေအထားနဲ့ ကူးစက်ခံထားရပြီး ကမ္ဘာ့ အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အမေရိကန် နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရသူတွေကို တွေ့ရှိထားရသလို ကျွန်းစုနိုင်ငံ ဖြစ်တဲ့ အင်္ဂလန်နိုင်ငံမှာလည်း စတင်ပြီးတော့ ကိုရိုနာဗိုင်းရပ်ကူးစက်သူတွေကို ရှာဖွေတွေ့ရှိထားပါတယ်။

Photo Credit: Express.com

လတ်တလောမှာတော့ အဆိုပါကိုရိုနာဂယက် ကြောင့် အီတလီနိုင်ငံက စီးရီးအေပြိုင်ပွဲကို ယာယီ ဖျက်သိမ်းထားခဲ့သလို အမေရိကန်နိုင်ငံ ရဲ့ NBA ပြိုင်ပွဲကလည်း တရားဝင် ဖျက်သိမ်းထားပြီးပါပြီ။ လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ ပရိသတ်အင်အားအများစုကို ပိုင်ဆိုင်ထားတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အခြေအနေကို အားလုံးက စောင့်ကြည့်နေကြပြီး ပရီးမီးယားလိဂ်ရဲ့ အဖွဲ့အစည်းတွေက ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာကို စောင့်ကြည့်နေကြပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ FA ဟာ ယခုတစ်ပတ်မှစတင်ကာ ပရီးမီးယားလိဂ်ပွဲစဉ် အားလုံးကို တံခါးပိတ်ကျင်းပဖို့ စီစဉ်နေကြောင်း သိထားရပါတယ်။

Photo Credit: Express.com

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်ဟာ ကူးစက်ခံရဖို့ လွယ်ကူတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရပ်တန့်ဖို့ ဆန္ဒရှိနေသူတွေလည်း ရှိပါတယ်။ အဆိုပါလူတွေထဲမှာ မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာလဲ အပါအဝင်ဖြစ်ပြီး ဂွာဒီယိုလာဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီကို ဖျက်သိမ်းဖို့ ဆန္ဒရှိနေတယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။ ဘောလုံးရာသီတစ်ခုကို ဖျက်သိမ်းတယ်ဆိုတာဟာ အဆိုပါ ဘောလုံးရာသီအတွင်းမှာ ကစားခဲ့ကြတဲ့ ပွဲအားလုံးရဲ့ ရလဒ်တွေအားလုံးကို ပယ်ဖျက်မှာ ဖြစ်ပြီး ရာသီသစ်တစ်ခုကို ပြန်လည်စတင်မှာ ဖြစ်ကာ ပရီးမီးယားလိဂ်ရာသီကိုသာ ဖျက်သိမ်းခဲ့ပါက လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့်တစ် နေရာမှာ ရှိနေတဲ့ လီဗာပူးလ်အသင်းဟာ ဖလားရရှိတော့မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။