ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ၆-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် နိုင်ခဲ့ပေမယ့် အသင်းရဲ့ ခြေစွမ်းပိုင်း အတွက် ကျေနပ်အားရမှု မရှိသေးပဲ သူ့ရဲ့ အသင်းဟာ ဒီထက် ပိုကောင်းတဲ့ ရလဒ်တွေကို ရယူနိုင်ရဲ့သားနဲ့ မရခဲ့ဘူးလို့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် အာဆင်နယ်နဲ့ လီဗာပူးတို့ကို အနိုင်ရထားတဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် ပွဲစပွဲဆုံး ပိုကောင်းတဲ့ ကစားဟန် တခုနဲ့အတူ ခြေပြတ် ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ အဆင်သင့် ရှိနေကြောင်းအား သက်သေပြသွားခဲ့ပါတယ်။

Photo Credit: Express

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီးက ပထမပိုင်း ပွဲကစားချိန် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်နေခဲ့ပြီး ဒုတိယပိုင်း ပွဲကစားချိန် အရောက်မှာတော့ ကစားအား လျော့ချမှု ၊ ကစားသမားတွေရဲ့ ပေါ့လျော့မှုတွေကြောင့် ချေပဂိုးတွေ ပြန်လည် ခွင့်ပြုပေးခဲ့ရကာ အဆုံးသတ်မှာတော့ ဟာလန်းနဲ့ ဖိုဒန်တို့ရဲ့ ဟက်ထရစ်နဲ့အတူ ၆-၃ ဆိုတဲ့ ရလဒ်နဲ့သာ အနိုင်ရရှိခဲ့တာပါ။

ဒါပေမယ့် ဂွာဒီယိုလာကတော့ ဒုတိယပိုင်းမှာ ကစားအား လျော့သွားတဲ့ သူ့အသင်းသားတွေရဲ့ ကစားပုံကို အားမရပဲ သူ့ရဲ့ အသင်းဟာ ဒီထက် ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့သင့်ကြောင်းနဲ့ တချို့ ကစားသမားတွေဟာ ဒီနေ့ပွဲမှာ ကစားပုံအရ အားရစရာ မကောင်းခဲ့ကြောင်း ထောက်ပြသွားခဲ့ပါတယ်။

Photo Credit: Express

ဂွာဒီယိုလာက – “အားလုံးကို ခြုံပြောရရင်တော့ ဒီနေ့ပွဲမှာ ကျွန်တော်တို့က အတော်လေး ကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ပြီးတော့ ဘောလုံးမရှိတဲ့ အချိန်တိုင်းမှာလည်း ပြိုင်ဘက်ကို အတော်လေး ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဖိအားပေးမှုကြောင့်ပဲ သူတို့က သူတို့ရဲ့ ပုံစံအတိုင်း မကစားနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ယူနိုက်တက်မှာ မာတီနက်ဇ် ၊ ဘရူနိုနဲ့ အဲရစ်ဆင်တို့လို ကစားသမားကောင်းတွေ ရှိနေတာကြောင့် ဒုတိယပိုင်းမှာ သူတို့ရဲ့ ကစားပုံ တချို့က ပြန်ကောင်းလာတာကို ကျွန်တော်တို့ မြင်ခဲ့ကြရပါတယ်။ ကျွန်တော်တို့ တိုက်စစ် ကစားသမားတွေရဲ့ အရည်အသွေးကပဲ ပွဲကို အဆုံးအဖြတ် ပေးသွားခဲ့တာပါ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့က အကောင်းဆုံး ကစားသွားနိုင်ခဲ့ပေမယ့် ဒီထက် ပိုကောင်းအောင် ကစားနိုင်ပါသေးတယ်။ ပြီးတော့ ဒီနေ့ပွဲမှာ ကျွန်တော့် ကစားသမားတချို့ရဲ့ ခြေစွမ်းတွေကို သဘောမကျပါဘူး။ ကျွန်တော်တို့တွေ ဒီထက် ပိုကောင်းတဲ့ ရလဒ်မျိုး ရအောင် ကြိုးစား ကစားနိုင်ခဲ့သင့်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။