ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ သူတို့အသင်းရဲ့ ပြိုင်ဘက် ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူဖြစ်သူ ဗာဂျယ် ဗန်ဒိုက်ဟာ ထိပ်တန်း နောက်ခံလူ တဦး ဖြစ်ပေမယ့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲမှာ မပါသေးဘူးလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၀နှစ် အရွယ် နယ်သာလန် အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ဟာ ၂၀၁၈ခုနှစ်မှာ ဆောက်သမ်တန်အသင်း ကနေ လီဗာပူးအသင်းထံ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၈၄.၆၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

Photo Credit: Express

ဗန်ဒိုက်ဟာ လီဗာပူးအသင်းထံ ရောက်ရှိလာပြီးနောက် အသင်းရဲ့ အကောင်းဆုံး နောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ပြီးခဲ့တဲ့ ၃ရာသီ အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ အဖြစ်လည်း ဘောလုံးရေးရာ သုံးသပ်သူတွေနဲ့ သတင်းထောက်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူပါ။

ဒါကြောင့်ပဲ ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတွေ ဖြစ်တဲ့ ဂျွန်တယ်ရီ ၊ ရီယို ဖာဒီနန်နဲ့ နီမန်ဂျာ ဗီဒစ်တို့လို ခံစစ်မှူးတွေနဲ့ တတန်းထားကာ ချီးကျူးမှုတွေ ထွက်ပေါ်လာပြီး မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ အဆိုပါ ချီးကျူးမှုတွေ မမှန်ကန်ကြောင်းနဲ့ ဗန်ဒိုက်ဟာ ဗီဒစ်ရဲ့ ခြေဖျားကိုတောင် မမှီကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

ဂွာဒီယိုလာက – “ဘောလုံးရေးရာ သုံးသပ်သူတွေ အတော်များများက ဗန်ဒိုက်ကို ဗီဒစ် ၊ တယ်ရီ ၊ ဖာဒီနန်တို့လို ဂန္တဝင် ခံစစ်မှူးတွေနဲ့ လိုက်ပြီး နှိုင်းယှဉ်နေကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဗန်ဒိုက်က ကောင်းတာ မှန်ပေမယ့် သူတို့ရဲ့ ခြေစွမ်းမျိုးကို လိုက်မှီဖို့ အတော်လေး လိုနေပါသေးတယ်။ ကျွန်တော့်ရဲ့ အသင်းက လီဗာပူးအသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီ အနည်းငယ် အတွင်းမှာတင် ၄ဂိုး ၊ ၅ဂိုးလောက်နဲ့ ၂ကြိမ်တောင် အနိုင်ယူနိုင်ခဲ့သလို ကျွန်တော့်ရဲ့ ကစားသမားတွေထဲမှာလည်း ဗန်ဒိုက်နဲ့ ရင်ဆိုင်ရမှာကို ကြောက်တဲ့လူ မရှိပါဘူး။ ကျွန်တော်ကတော့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ကစားဖူးတဲ့ နောက်ခံလူတွေထဲမှာ အကောင်းဆုံးက ဗီဒစ်လို့ပဲ ထင်ပါတယ်။ သူက ကျွန်တော့်ရဲ့ လူအင်အား အတောင့်တင်းဆုံး အသင်းလို့ ပြောရမယ့် ဘာစီလိုနာအသင်းနဲ့ မကြာခဏ ရင်ဆိုင် ကစားဖူးသလို ကျွန်တော့်ရဲ့ အကြိုက်ဆုံး နောက်ခံလူလည်း ဖြစ်ပါတယ်။ ကျွန်တော်က ၂၀၁၀ခုနှစ်မှာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့် သူကတော့ ဆာအဲလက်စ် ဖာဂူဆန်အပေါ် အကြွင်းမဲ့ သစ္စာရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ဗန်ဒိုက်ဟာ ဗီဒစ်ရဲ့ ခြေဖျားကိုတောင် မမှီသေးဘူးလို့ပဲ သုံးသပ်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။