MySport Myanmar

လီဗာပူးလ်နဲ့ပွဲမှာ ဟာလန်း ပြန်ပါနိုင်မလားဆိုတာ သေချာ မသိသေးဘူးလို့ ဂွါဒီယိုလာ ဆို

လာမယ့် တနင်္ဂနွေနေ့ အီတီဟတ်ကွင်းမှာ ကစားသွားရမယ့် မန်ချက်စတာ စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း တိုက်စစ်ကစားသမား အာလင်း ဟာလန်း ပါဝင်ကစားနိုင်မလားဆိုတာ သေချာ မသိရှိရသေးဘူးလို့ မန်စီးတီးနည်းပြ ပပ် ဂွါဒီယိုလာက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ မန်စီးတီးက နယူးကာဆယ်ကို (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဘာနေဗျူးမှာ ရီးယဲလ် မက်ဒရစ်နဲ့ ကစားရတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ ဒုကျော့ပွဲစဉ်မှာပါ အရန်ကစားသမားအဖြစ်သာ ပါဝင်လာခဲ့ရပြီး ပွဲကစားခွင့်လည်း မရခဲ့ပါဘူး။

Photo Credit : TEAMtalk

ဒီအခြေအနေတွေကြောင့် ဟာလန်းအနေနဲ့ Super Sunday လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် အရေးပါတဲ့ ပွဲစဉ်ကိုပါ ဆက်လက် လွဲချော်သွားရနိုင်မလား ဒါမှမဟုတ် ပြန်ပါလာနိုင်မလားဆိုပြီး မေးခွန်းထုတ်နေကြရာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောဆိုလာခဲ့ပါတယ်။ “ကျွန်တော် အခုထိ မသိသေးပါဘူး။”

“မနက်ဖြန်မှ သိရမှာပါ။ အခုထိ မသိသေးပါဘူး။ သူ ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုထိတော့ မသိသေးပါဘူး။ ဒီနေ့ လေ့ကျင့်ရေးဆင်းပါတယ်။ မနက်ဖြန်အထိ သူ့ကို စစ်ဆေးပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် မသိပါဘူး။ ဟာလန်း ကွင်းထဲမှာ ရှိနေတာက မရှိနေတာထက်တော့ ပိုကောင်းတာတော့ သေချာပါတယ်။ ဒါပေမယ့် ဟာလန့်နဲ့အတူ ကျွန်တော်တို့ အခုလို အနေအထားမှာ ရှိနေတာပါ။”

Photo Credit : Goal

“အသင်းမှာ ကောင်းတာရော ဆိုးတာရောအတွက် လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် ဟာလန်းနဲ့အတူ ရှိနေရတာကတော့ ကျွန်တော်တို့အတွက် ပိုအားကောင်းပါတယ်။” လို့ ဂွါဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ် မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရှစ်မိနစ်အကြာ ကစားပြီး ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရတဲ့ ဂျွန် စတုန်းစ်ဟာလည်း ခွဲစိတ်မှု ခံယူရနိုင်ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

“သူ ဒဏ်ရာရသွားပါတယ်။ ခက်ခဲတဲ့ အခြေအနေပါ။ လာမယ့် နာရီတွေ၊ ရက်တွေမှာ သူ့ကို ခွဲစိတ်မှု လိုအပ်လား မလိုအပ်ဘူးဆိုတာ သိရပါလိမ့်မယ်။ ဟုတ်ပါတယ် သူဟာ ရေရှည် အနားယူရမှာပါ။ မန်နူ အကန်ဂျီလိုမျိုးပေါ့။” လို့ ဂွါဒီယိုလာက ထပ်လောင်း ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version