မနေ့က နော်တင်ဟမ် ဖောရက်စ်အသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ဒုတိယပိုင်း ပွဲအစခန့်မှာ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ မန်ချက်စတာ စီးတီး ကွင်းလယ်ကစား ရိုဒရီအနေနဲ့ ကိုယ့်ကိုကိုယ်ရော စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားရလိမ့်မယ်လို့ နည်းပြ ဂွာဒီယိုလာက သတိပေး ပြောဆိုလာခဲ့ပါတယ်။

ရိုဒရီဟာ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ နော်တင်ဟမ် တိုက်စစ် ကစားသမား ဂစ်ဘ်ဝှိုက်နဲ့ အချင်းများရင်း ဂစ်ဘ်ဝှိုက်ကို ကိုယ်ထိလက်ရောက်ပါ ပြုမှုမိခဲ့တာကြောင့် VAR နဲ့ ပြန်လည် စစ်ဆေးပြီးချိန်မှာပဲ ကွင်းလယ်ဒိုင် ရိုဒရီကို အနီကတ်ပြကာ ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်ပါတယ်။

Photo Credit : TEAMtalk

ဒီအနီကတ် ပြစ်ဒဏ်ကြောင့် ရိုဒရီဟာ မန်စီးတီးအသင်းရဲ့ လာမယ့် ပွဲစဉ် (၃)ပွဲကို လွဲချော်ရတော့မှာဖြစ်ပြီး အဲ့ဒီပွဲထဲမှာ အာဆင်နယ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမယ့် ပွဲစဉ်လည်း ပါဝင်နေတာက မန်စီးတီးအတွက်တော့ တကယ်ကို စိတ်ပျက်စရာ ဖြစ်စေခဲ့ရပါတယ်။

မန်စီးတီးက ဒုတိယပိုင်း တစ်ပိုင်းလုံးမှာ ကစားသမားတစ်ယောက်လျော့နဲ့ ကစားခဲ့ရရင်း အနိုင်ရလဒ်ကို အသေအချာ ထိန်းကစားသွားနိုင်ခဲ့တဲ့ ကစားသမားတွေအတွက် ဂွာဒီယိုလာက ချီးမွှမ်းခဲ့ပေမယ့် အနီကတ်ပြခံခဲ့ရတဲ့ အဓိက ကွင်းလယ်လူ ရိုဒရီကိုတော့ သတိပေးစကားတွေ ဆိုလိုက်ပါတယ်။

Photo Credit : Goal

“ရိုဒရီက သူ့ကိုယ်သူ နဲ့ သူရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားရပါမယ်။ ဒါက သူ လုပ်ကို လုပ်ရမယ့် အရာပါပဲ။ ကျွန်တော်လည်း အဝါကတ် ပြခံရနိုင်တယ်။ ဒါပေမယ့် ရိုဒရီအနေနဲ့ အဝါကတ်တောင် မပြခံရသင့်ဘူး။ ကွင်းထဲက ကစားနေတဲ့ ကစားသမားတွေကို သတိထားပြီး ဂရုစိုက် ကစားဖို့ လိုပါတယ်။ သူလည်း ဒါကို သင်ခန်းစာယူဖို့လည်း လိုပါတယ်။” လို့ ဂွာဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

စပိန်လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီဟာ မန်စီးတီးရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အခု အနီကတ်ပြစ်ဒဏ်ကြောင့် နယူးကာဆယ်နဲ့ ကစားရမယ့် လိဂ်ဖလား တတိယအဆင့်ပွဲစဉ် ၊ ဝုလ်ဗ် အာဆင်နယ်တို့နဲ့ ရင်ဆိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အားလုံးကို လွဲချော်သွားရတော့မှာပဲ ဖြစ်ပါတယ်။