ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်းရဲ့ နာမည်ကျော် နည်းပြ ဂွာဒီယိုလာ ကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFAရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပမယ့် အစီအစဉ်အား ထောက်ခံလိုက်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFAဟာ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါးကို ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအားကစား ဖွံ့ဖြိုး တိုးတက်ရေး ဒါရိုက်တာ အဖြစ် ခန့်အပ်အပြီးမှာ FIFAက ကြီးမှူး ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံမှန် ၄နှစ် ၁ကြိမ် ကျင်းပနေရာ ကနေ ၂နှစ် ၁ကြိမ် ကျင်းပဖို့ အားစိုက် ကြိုးပမ်းလာတာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

လက်ရှိ ဘောလုံးပြက္ခဒိန်အရ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄နှစ် ၁ကြိမ် ကျင်းပနေရာ ကနေ ၂နှစ် ၁ကြိမ်ကို ပြောင်းလဲ ကျင်းပလိုက်ပါက ကမ္ဘာ့ဖလား မကျင်းပတဲ့ ကြားနှစ်တွေမှာ ကျင်းပလေ့ ရှိတဲ့ တိုက်ကြီးအလိုက် ဖလားပြိုင်ပွဲတွေဟာ ပျောက်ကွယ်သွားဖို့ ရှိတာကြောင့် ဥရောပ ဘောလုံးအဖွဲ့ချုပ် ကတော့ FIFAရဲ့ အစီအစဉ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ထားပါတယ်။

ဒါပေမယ့် FIFAရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပမယ့် အစီအစဉ်အား ထောက်ခံတဲ့ ဘောလုံး အကျော်အမော်တွေ များစွာ ရှိနေဆဲ ဖြစ်ပြီး လက်ရှိမှာတော့ မန်ချက်စတာ စီးတီးအသင်း ကနေ ထွက်ခွာပါက နိုင်ငံအသင်းတွေကို ကိုင်တွယ်ချင်ကြောင်း ပြောကြားထားတဲ့ နာမည်ကျော် စပိန်နည်းပြ ဂွာဒီယိုလာကလည်း FIFAရဲ့ အစီအစဉ်ကို ထောက်ခံလိုက်ပါတယ်။

Photo Credit: Standard

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပသင့်ကြောင်းကို ဂွာဒီယိုလာက – “ခင်ဗျားတို့က အတွေးသစ် ၊ အကြံသစ်တွေကို ပြစ်တင် ဝေဖန်စရာ မလိုပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆိုတာ မယုံနိုင်စရာ ကောင်းတဲ့ ပြိုင်ပွဲတခုပါ။ ပရိသတ် တယောက်အနေနဲ့ ကျွန်တော်က ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရတာ နှစ်သက်ပြီး ၂နှစ် ၁ကြိမ်သာ ကြည့်နေရမယ် ဆိုရင် ပိုပြီးတောင် ကောင်းပါသေးတယ်။ ဒီအချက်နဲ့ ပတ်သတ်ပြီး ကျွန်တော်က အာဆင်း (အာဆင်ဝင်းဂါး)နဲ့ သဘောတူပါတယ်” ဆိုပြီး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။