ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာ ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)မှာ အာဆင်နယ်အသင်းကို ဂိုးပြတ် အနိုင်ရပြီးနောက် သူ့ရဲ့ တပည့်ဟောင်း ဖြစ်သူ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာအား ကာကွယ် ပြောဆိုမှုတွေ လုပ်ပေးခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ လက်အောက်မှာ လက်ထောက်နည်းပြ အဖြစ် တာဝန်ယူ လုပ်ကိုင်ဖူးတဲ့ အာတီတာဟာ အာဆင်နယ်အသင်းရဲ့ နည်းပြချုပ်ရာထူးကို ရယူထားသူ တဦး ဖြစ်ပြီး အသင်းနဲ့ အက်ဖ်အေဖလား တလုံး အရယူထားပေမယ့် လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် နည်းပြထိုင်ခုံလှုပ်နေသူပါ။

Photo Credit: Standard

အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ဥရောပဝင်ခွင့် မရထားတာကြောင့် ပြည်တွင်းလိဂ်ကိုသာ အာရုံစိုက် ယှဉ်ပြိုင်ရဖို့ ရှိနေပေမယ့် ရာသီအဖွင့်ပွဲစဉ် ၃ပွဲစလုံးမှာ သွင်းဂိုး တဂိုးမျှ ရယူနိုင်ခဲ့ခြင်း မရှိသလို ပေးဂိုး ၉ဂိုး အထိ ပေးခဲ့ရကာ ၃ပွဲကစား ၃ပွဲရှုံးရလဒ်နဲ့ အောက်ဆုံးအဆင့် ဖြစ်တဲ့ အဆင့်၂၀နေရာကို ကျရောက်နေပါတယ်။

ဒါကြောင့်ပဲ အာတီတာကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ မြင့်တက်လာပြီး မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာကတော့ သူ့ရဲ့ တပည့်ဟောင်း အာတီတာဟာ နည်းပြကောင်း တဦး ဖြစ်တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ရေတိုထက် ရေရှည်ကို ကြည့်ပြီး အာတီတာကို နည်းပြနေရာမှာ ဆက်လက် ခန့်ထားသင့်ကြောင်း အကြံပေးခဲ့ပါတယ်။

Photo Credit: Yahoo

ဂွာဒီယိုလာက – “ကျွန်တော်က အာတီတာနဲ့ ၂နှစ် ၊ ၃နှစ်လောက် အလုပ် တွဲလုပ်ဖူးပါတယ်။ ပြီးတော့ သူ့ဆီကနေ သင်ယူခဲ့ရတဲ့ အရာတွေလည်း ရှိပါတယ်။ သူက သာမန်အဆင့်ထက် ပိုတဲ့ နည်းပြကောင်း တဦးပါ။ မှန်ကန်တဲ့ စိတ်ထားလည်း ရှိတယ်။ ဦးဆောင်နိုင်စွမ်း ရှိတယ်။ ပြီးတော့ သူက ခင်မင်စရာ ကောင်းတဲ့ လူတဦးပါ။ သူ အသင်းကနေ ထွက်သွားတော့ ကျွန်တော်တို့တွေ ဝမ်းနည်းခဲ့ရပါသေးတယ်။ တခါတလေကျ လူတွေက ရလဒ်ကောင်းတွေကို တခဏအတွင်းမှာပဲ ရယူချင်ကြပါတယ်။ ဒီနေ့ပွဲမှာ သူ ထုတ်သုံးခဲ့ရတဲ့ အသင်းက သူ မျှော်မှန်းထားတဲ့ အသင်း မဟုတ်ပါဘူး။ သူက ဒဏ်ရာပြဿနာတွေကြောင့် အဓိက ကစားသမား ၈ယောက်လောက်ကို လက်လွှတ်ထားရတာပါ။ ဘန်ဝှိုက် ၊ ပါတေးတို့လို ကစားသမားမျိုးတွေကို သူ မသုံးခဲ့ရပါဘူး။ နည်းပြတိုင်းက အကောင်းဆုံး လူစာရင်းကို လိုအပ်ပါတယ်။ ကျွန်တော်တို့မှာဆို ဒီဘရိုင်းနဲ့ ဖိုဒန်ကလွဲရင် ကျန်တဲ့ ကစားသမားတိုင်းက ကြံ့ခိုင်မှု ပြည့်ဝနေပါတယ်။ ကျွန်တော်က သူ့ရဲ့ အမာခံ ပရိသတ်ပါ။ ပြီးတော့ တကယ်လို့သာ အာဆင်နယ်အသင်းက သူ့ကို ယုံကြည်ရင် သူက အာဆင်နယ်အသင်းမှာ အစွမ်းပြနိုင်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။