ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာကတော့ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မရေမရာ ဖြစ်နေတဲ့ စပိန် လူငယ်ကြယ်ပွင့် ဂါဗီဟာ ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုသင့်ကြောင်း တိုက်တွန်း အကြံပေးခဲ့ပါတယ်။

စပိန်လူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ ပပ် ဂွာဒီယိုလာက ကစားသမားဘဝမှာ ဘာစီလိုနာနဲ့အတူ အောင်မြင်မှုပေါင်း များစွာကို ရယူနိုင်ခဲ့သလို သူ့ရဲ့ နည်းပြဘဝကိုလည်း ဘာစီလိုနာနဲ့သာ စတင်ခဲ့ကာ အောင်မြင်မှု သရဖူတွေ ဆွတ်ခူးပြီး ကမ္ဘာ့ထိပ်သီးနည်းပြ ဆိုတဲ့ ဘွဲ့ထူးကို ရခဲ့သူပါ။

Photo Credit: AS English

ဂွာဒီယိုလာက ဘာစီလိုနာနဲ့အတူ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ် ၊ မန်ချက်စတာ စီးတီး စတဲ့ ဥရောပ ထိပ်သီးအသင်းတွေကို ဆက်လက် ကိုင်တွယ်ခဲ့ပေမယ့် အမြဲတမ်းလိုလို ဘာစီလိုနာနဲ့ ပတ်သတ်ပြီး ထုတ်ဖော် ပြောကြားလေ့ ရှိတဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။

ယခုတခါမှာလည်း ပပ် ဂွာဒီယိုလာက ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ပီဒရီနဲ့ ဂါဗီတို့ရဲ့ ခြေစွမ်းတွေကို ချီးကျူးသွားခဲ့ပြီး ဂါဗီကိုလည်း ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ တိုက်တွန်းသွားပါတယ်။

Photo Credit: AS English

ဂွာဒီယိုလာက – “ဂါဗီနဲ့ ပီဒရီတို့ ပြသနေတဲ့ ခြေစွမ်းပိုင်းက အတော်လေး ကောင်းပါတယ်။ ဒီအချက်က လာမာစီယာ အကယ်ဒမီမှာ ထိပ်သီး ကစားသမားတွေ ဖြစ်လာမယ့် ရွက်ပုန်းသီးလေးတွေ အများကြီး ကျန်နေသေးတယ် ဆိုတာကို ပြနေပါတယ်။ ပြီးတော့ ဘာစီလိုနာ ပရိသတ် တဦးအနေနဲ့ ကျွန်တော်က ဂါဗီဟာ ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုတာကိုပဲ မြင်ချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်လက်ရွေးစင် ကွင်းလယ်လူ ဂါဗီက ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့ပြီး ဘာစီလိုနာဘက်က သူ့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကမ်းလှမ်းမှုတွေ တရစပ် ပြုလုပ်နေပေမယ့် ဂါဗီနဲ့ ဘာစီလိုနာတို့ရဲ့ အနာဂတ်က မရေရာသေးပါဘူး။