စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် အသင်းရဲ့ နည်းပြ ရော်နယ်ကိုးမန်းကို ရာသီကုန် အထိ နည်းပြအဖြစ် ဆက်ခန့်ထားဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်ကွယ်မှာ ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်း တဦး ဖြစ်သူ ဂွာဒီယိုလာရဲ့ အကြံဥာဏ်တွေ ပါဝင်ကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီထဲက စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ကိုးမန်းရဲ့ လက်အောက်မှာ ကိုပါဒယ်ရေး ဆုဖလားကို အရယူထားနိုင်ပါတယ်။

Photo Credit: Express

ဒါပေမယ့် ကိုးမန်းရဲ့ လက်အောက်မှာ ဘာစီလိုနာအသင်းဟာ စီမံခန့်ခွဲမှုအမှား အများအပြားကို ကျူးလွန်မိခဲ့ပြီး ကိုးမန်းရဲ့ ကစားသမားတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေကလည်း အတော်လေးကို ကျော်ကြားပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဝါးဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရပြီး ဘာစီလိုနာ ဘုတ်အဖွဲ့ဟာ နည်းပြ အပြောင်းအလဲ လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဘာစီလိုနာအသင်းဟာ ကိုးမန်းရဲ့နေရာကို အစားဝင်နိုင်မယ့် နည်းပြတဦးကို မရှာဖွေနိုင်ခဲ့သလို ဥက္ကဌ လာပေါ်တာကလည်း ရာသီတခု ကုန်ဆုံးချိန်မှသာ နည်းပြကို ထုတ်ပယ်ချင်တာကြောင့် ကိုးမန်းဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြအဖြစ် ဆက်လက် ရှိနေတာလည်း ဖြစ်ပါတယ်။

Photo Credit: Express

စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားချိန်မှာ အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို နည်းပြဟောင်းတဦးလည်း ဖြစ်တဲ့ ဂွာဒီယိုလာနဲ့ တိုင်ပင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဂွာဒီယိုလာက ကိုးမန်းကို နည်းပြအဖြစ် ဆက်လက် ခန့်အပ်ဖို့ တိုက်တွန်းခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ကိုးမန်းကို စိတ်ရှည်စွာနဲ့ ဆက်လက် စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။