ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းကသာ မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံကစားသမား ဖြစ်သူ စတာလင်းကို ခေါ်ယူချင်ပါက ရောင်းချပေးဖို့ အသင့်ပဲလို့ စပိန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ မန်ချက်စတာ စီးတီးအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား စတာလင်းကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး ဘဏ္ဍာရေး အကြပ်အတည်းတွေကြောင့်သာ စတာလင်းကို ခေါ်ယူဖို့ ကြိုးစားနေမှုအား ရပ်တန့်ခဲ့တာပါ။

Photo Credit: Express

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ နည်းပြသစ် ဇာဗီရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ခေါ်ယူပေးဖို့ တောင်းဆိုမှုကြောင့် စတာလင်းကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ ပြန်လည် ပြုလုပ်နေပြီး စတာလင်းကလည်း ပွဲထွက်ခွင့် ပိုမို နည်းပါးလာတာကြောင့် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား စတာလင်းဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ်သာ ရရှိခဲ့ရင် မန်ချက်စတာ စီးတီးအသင်းက သူ့ကို ရောင်းထုတ်ဖို့ စဉ်းစားနေပြီး မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ ဘာစီလိုနာအသင်းကသာ မန်ချက်စတာ စီးတီးအသင်းရဲ့ ကစားသမား တဦးကို ခေါ်ယူချင်ရင် သူ့ဘက်က ခေါင်းညိတ်ပေးဖို့ အဆင်သင့်ပဲလို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

ဂွာဒီယိုလာက – “အပြောင်းအရွှေ့ တခု ဖြစ်ပေါ်လာဖို့ ဆိုရင် အလုပ်တွေ အများကြီး လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းကသာ ကျွန်တော့်ရဲ့ ကစားသမား တယောက်ယောက်ကို လိုချင်တယ် ဆိုရင်တော့ ကျွန်တော့်ဘက်က သဘောတူပေးဖို့ အဆင်သင့်ပါပဲ။ ဒီမြို့ ၊ ဒီအသင်း ၊ ဒီမှာ ရှိနေတဲ့ နည်းပြတွေ ၊ ပြီးတော့ နူးကမ့်ကွင်း ၊ ဒီလိုမျိုး ပြီးပြည့်စုံတဲ့ အသင်းတသင်းဆီ ကစားသမားတိုင်းက ပြောင်းရွှေ့ချင်ကြပါတယ်။ ဒါကြောင့် တကယ်လို့ ဘာစီလိုနာအသင်းကသာ ကျွန်တော်တို့ရဲ့ ကစားသမား တယောက်ကို ခေါ်ယူချင်တယ် ဆိုရင် ဆက်သွယ်ဖို့ပဲ လိုပါလိမ့်မယ်” လို့ ပြောကြားခဲ့တာပါ။