လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ သူဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတာနဲ့ အသင်းကနေ ထွက်ခွာတော့မယ် လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းနည်းပြတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂွာဒီယိုလာဟာ မန်ချက်စတာ စီးတီးအသင်းအား ၂၀၁၆ခုနှစ်မှ စတင်ကာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၃ခုနှစ် ဇွန်လ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူပါ။

Photo Credit: Express

ဘာစီလိုနာအသင်း ၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ဆုဖလားပေါင်း များစွာ ရယူနိုင်ခဲ့တဲ့ ဂွာဒီယိုလာဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဘဝမှာလည်း ပရီးမီးယားလိဂ် ၃ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကာရာဘောင်းဖလား ၄ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ကြိမ်တို့ကို ရရှိထားပါတယ်။

ဒါပေမယ့် ဂွာဒီယိုလာဟာ မန်ချက်စတာ စီးတီးအသင်းက အရမ်းကို လိုချင်နေတဲ့ ချန်ပီယံလိဂ် ဆုဖလားကို ရရှိအောင် ယူဆောင်ပေးနိုင်ခြင်း မရှိသေးပဲ ယခုနှစ် ဘောလုံးရာသီမှာတော့ အခြားပြိုင်ပွဲတွေထက် ချန်ပီယံလိဂ် ပြိုင်ပွဲကို ပိုမို အာရုံစိုက် ကြိုးစားဖို့ ရှိနေပါတယ်။

Photo Credit: Express

ကလပ်နည်းပြဘဝမှာ မရဖူးတဲ့ ဆုဖလား မရှိလောက်အောင် အောင်မြင်မှုပေါင်းများစွာ ရရှိထားတဲ့ ဂွာဒီယိုလာက သူဟာ လက်ရှိ မန်ချက်စတာ စီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းသာ ကုန်ဆုံးပါက ကလပ်နည်းပြဘဝကို စွန့်ခွာကာ နိုင်ငံအသင်း တသင်းကို နည်းပြအဖြစ် ကိုင်တွယ်ချင်ကြောင်း ဆိုလာပါတယ်။

မန်ချက်စတာ စီးတီးအသင်း ကနေ ထွက်ခွာတော့မယ့် အကြောင်းကို ဂွာဒီယိုလာက – “ဒီအသင်းမှာ ၇နှစ် အထိ နေပြီးရင်တော့ ကျွန်တော့်အနေနဲ့ ထွက်ခွာရမယ့် အချိန်ကို ရောက်ပြီလို့ ထင်ပါတယ်။ အဲ့ဒါပြီးရင် ကျွန်တော် နည်းနည်းလောက် အနားယူမယ်။ ကျွန်တော်တို့ ဘာတွေ အောင်မြင်ခဲ့လဲ ဆိုတာ ပြန်ကြည့်မယ်။ ဒါပြီးရင်တော့ ကျွန်တော်က နိုင်ငံအသင်း တသင်းကို နည်းပြဖို့ စိတ်ကူးထားပါတယ်။ တောင်အမေရိက ၊ ဥရောပ အားလုံးမှာ ကျွန်တော် အတွေ့အကြုံတွေ လိုချင်ပါတယ်” လို့ အတည်ပြု ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။