မန်ချက်စတာ စီးတီးအသင်းနည်းပြ ပပ် ဂွာဒီယိုလာက သူတို့အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့အဆင့်မှာ ရီးယဲလ် မက်ဒရစ်အသင်းကို အနိုင်ယူ ကျော်ဖြတ်ပြီး ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်ဖို့က အခွင့်အရေး တစ်ရာခိုင်နှုန်းသာ ရှိတယ်လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မကြာခဏ ဆိုသလို တွေ့ဆုံတက်ကြတဲ့ ရီးယဲလ်နဲ့ မန်စီးတီးအသင်းတို့ဟာ အခုတစ်ကြိမ်လည်း ပုံစံသစ်နဲ့ ကျင်းပနေတဲ့ ချန်ပီယံလိဂ်မှာ တိုက်တိုက်ဆိုင်ဆိုင် ထပ်မံ တွေ့ဆုံကြပြီး အီတီဟတ်မှာ ကစားခဲ့တဲ့ ရှုံးထွက် ပလေးအော့ ပထမအကျော့မှာတော့ ရီးယဲလ်က (2-3) နဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။
Photo Credit : Bitter and Blue
အဲ့ဒီပွဲမှာ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ ဂိုးတွေနဲ့ စီးတီးတို့ နှစ်ကြိမ်တိုင်တိုင် ပွဲကို ဦးဆောင်ထားခဲ့ပေမယ့်လည်း မိနစ်(၈၀)နောက်ပိုင်းမှာတောင် မန်စီးတီးက အနိုင်ရလဒ်ကို မထိန်းထားနိုင်ခဲ့ဘဲ ကစားသမားတွေရဲ့ တစ်ဦးချင်း အမှားကနေ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ခွင့်ပြုခဲ့ရပြီး အိမ်ကွင်းမှာ ရှုံးပွဲတွေ့သွားခဲ့ရပါတယ်။
အခုဆိုရင် မန်စီးတီးဟာ မက်ဒရစ် ဘာနေဗျူးကွင်းမှာ နိုင်ပွဲပြန်လည် ရယူနိုင်ဖို့ ခက်ခက်ခဲခဲ ကစားသွားရတော့မှာဖြစ်ပြီး ဒီ weekend မှာ နယူးကာဆယ်ကို (၄)ဂိုးပြတ်နဲ့ နိုင်ထားခဲ့ပေမယ့် ရီးယဲလ်နဲ့ပွဲကတော့ အရမ်းခက်ခဲလိမ့်မယ်လို့ ဂွါဒီယိုလာက ပြောဆိုလာခဲ့ပါတယ်။ “ဘာနေဗျူးမှာ အဲဒီလိုအခြေအနေမျိုးမှာ အနိုင်ရဖို့ဆိုတာ အရမ်းခက်ခဲတယ်ဆိုတာ လူတိုင်းသိပါတယ်။ ပွဲမစခင်မှာ မေးကြည့်ရင် ဘယ်လောက်ရာခိုင်နှုန်း အောင်မြင်နိုင်လဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။”
Photo Credit : Eurosport
“တစ်ရာခိုင်နှုန်းလောက်ပဲ ရှိမယ် ထင်ပါတယ်။ အရမ်းနည်းပါတယ်။ ဒါပေမယ့် အခွင့်အရေးရှိသလောက်တော့ ကြိုးစားမှာပါ။ သေချာပါတယ်။ ဒီရာသီမှာ အမှန်တရားက ကျွန်တော်တို့ အများကြီး နောက်ကျ ကျန်နေခဲ့တာပါ။ အကယ်လို့ ခင်ဗျားတို့ ကျွန်တော့်ကို မနေ့ကလို ကစားနိုင်ရင် ချန်ပီယံလိဂ်မှာ ၂၂ ယောက်မြောက်အထိ ရောက်နိုင်မလားလို့ မေးရင် မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ဒီထက်ပိုပြီး အဆင့်မြင့်မှာပါ။”
“ဒါပေမယ့် အမှန်တရားက ဒီရာသီမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းရော ရလဒ်တွေရော အရမ်း ဆိုးရွားခဲ့ပါတယ်။ ဒီနေ့ပွဲတစ်ပွဲ(နယူးကာဆယ်နဲ့ပွဲ)ပဲ ကောင်းကောင်းကစားနိုင်ခဲ့တာပါ။ ဒါက ကျွန်တော့်ရဲ့အမြင်ကို အမှန်တရားကို အသင်းရဲ့အခြေအနေကို ပြောင်းလဲမသွားပါဘူး။ အခုချိန်မှာ ကျွန်တော်တို့ နေ့စဉ် တိုးတက်မှုအပိုင်းမှာ ကောင်းမွန်တဲ့ အခြေအနေကို မရောက်သေးပါဘူး။”
“ဒါပေမယ့် နောက်ဆုံးမိနစ်မှာ ၂-၁ နဲ့ ရှုံးပွဲကို စိတ်ကူးယဉ်မယ့်အစား ဒီလိုရလဒ်နဲ့ မက်ဒရစ်ကို သွားရတာ ပိုကောင်းပါတယ်။ နောက်ဆုံးမှာ အခွင့်အရေးက နည်းပါးပါတယ်။ ဘာလို့လဲဆိုတော့ ရလဒ်က မကောင်းခဲ့ဘူး။ လွန်ခဲ့တဲ့ငါးမိနစ်က ၂-၁ ဆိုရင် အခြေအနေက ကွာခြားသွားမှာပါ။ ဒါပေမယ့် ၂-၃ နဲ့ဆိုရင် အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် အခွင့်အရေးရှိသလောက်တော့ ကျွန်တော်တို့ အသုံးချမှာပါ။ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။” လို့ ဂွါဒီယိုလာက ပြောဆိုလိုက်ပါတယ်။