ရီးယဲလ် မက်ဒရစ်အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ဟာ ဒီနေ့ မနက်အစောပိုင်းက ဘာနေဗျူးကွင်းကြီးမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပကျော့ပွဲစဉ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရင်း တစ်ဖက် (၃)ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်သွားခဲ့ပါတယ်။

တကယ့်ကို ဖျော်ဖြေမှု အပြည့်အဝ ပေးစွမ်းခဲ့တဲ့ ဒီပွဲစဉ်မှာ အပြန်အလှန် ဦးဆောင်ခဲ့ကြပြီးနောက် နောက်ဆုံးမှာ အိမ်ရှင် ရီးယဲလ်က ဗယ်လ်ဗာဒီရဲ့ ဧရိယာပြင်ပ ကန်ချက်နဲ့ ချေပဂိုး ရရှိသွားခဲ့ရင်း (3-3) ဆိုတဲ့ ရလဒ်နဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : AS USA

ဒီရလဒ်က မန်ချက်စတာမြို့က အယ်လ်တီဟတ်ကွင်းမှာ ဒုတိယအကျော့ကို လက်ခံကစားသွားရမယ့် အိမ်ရှင် မန်စီးတီးအသင်းအတွက်တော့ ပိုမို အားသာသွားနိုင်တဲ့ ရလဒ်မျိုး ဖြစ်ပေမယ့် စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာကတော့ ပကျော့ ကစားခဲ့ရတဲ့ ဘာနေဗျူးကွင်းနဲ့ ပတ်သက်ပြီး သူရဲ့ထင်မြင်ချက်တွေကို ပြောဆိုလာခဲ့ပါတယ်။

“ဘာနေဗျူးကွင်းကြီးက လုံးဝ အထင်ကြီးစရာကောင်းပါတယ်။ ဒါပေမယ့် ဖလော်ရန်တီနို ပီရက်ဇ်(ရီးယဲလ်အသင်း ဥက္ကဌ)အနေနဲ့ကတော့ ကွင်းထဲက မြက်ခင်းတွေကိုတော့ ပြင်ဆင်သွားသင့်ပါတယ်။ ဘာနေဗျူးကွင်းထဲက မြက်ခင်းတွေဟာ အခုထက် ပိုကောင်းဖို့ လိုအပ်ပါတယ်။” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

Photo Credit : We Ain’t Got No History

ဆက်လက်ပြီး ဒုတိယအကျော့ပွဲစဉ်နဲ့ ပတ်သက်ပြီးတော့ကိုလည်း ဂွာဒီယိုလာက “နောက်တစ်ပတ်ဆိုရင်တော့ ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့ ရှိနေရပါတယ်။ သူတို့တွေက ဒီပွဲကို ကွင်းပြည့်ကွင်းလျှံတဲ့အထိ လာအားပေးကြပါလိမ့်မယ်။”

“ကျွန်တော်တို့အသင်းရဲ့ ပရိသတ်တွေက အဲ့ဒီပွဲမှာပဲ ကျွန်တော်တို့အတွက် သွင်းဂိုးတစ်ဂိုးပါ သွင်းထားပေးပါလိမ့်မယ်။ ကျန်တဲ့ဂိုးတွေကိုတော့ ကစားသမားတွေက ဆက်သွင်းပါလိမ့််။ နောက်ပြီး ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားပါမယ်။” လို့ပါ ပြောကြားသွားခဲ့ပါတယ်။