ပရီးမီးယားလိဂ်က ကလပ်အသင်းများစုဟာ သူတို့အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကနေ တန်းဆင်းသွားစေချင်ကြတယ်လို့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွါဒီယိုလာက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု (၁၁၅)မှုနဲ့ စွဲချက်တင်ထားခံရပြီး လာမယ့်နှစ်သစ်မှာပဲ စီရင်ချက် ချမှတ်သွားဖွယ် ရှိနေပြီး တကယ်လို့ မန်စီးတီးအသင်းက ကြီးလေးတဲ့ ပြစ်မှုကျူးလွန်မှုမှာ အပြစ်ရှိကြောင်း တွေ့ရှိမယ်ဆိုရင် တန်းဆင်းသွားနိုင်တဲ့ ပြစ်ဒဏ်မျိုးပါ ကြုံတွေ့ရနိုင်ပါတယ်။

Photo Credit : Manchester City News

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ပြိုင်ဘက်အသင်းတွေအနေနဲ့ စီးတီးမှာ အပြစ်ရှိတယ်လို့ ယူဆခြင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်ပါ ဖြစ်စေခဲ့ရတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ “ကျွန်တော်တို့က ချက်ချင်း ချက်ချင်း တန်းဆင်းရမယ်ဆိုတဲ့အကြောင်း တစ်ခုခုကို ဖတ်ဖူးပါတယ်။ (၇၅)%သော ကလပ်အသင်းတွေက ဒီလို ဖြစ်စေချင်တယ်။”

“ဘာကြောင့်လဲဆိုတော့ သူတို့ နောက်ကွယ်မှာ ဘာတွေလုပ်နေကြလဲဆိုတာ ကျွန်တော်သိနေသလို အားလုံးက အတူတူပါပဲ။ ဒီလို အနေအထားမျိုးမှာ မရှိချင်ပေမယ့်လည်း ဒီလို ဖြစ်လာတော့လည်း ကျွန်တော် သဘောကျမိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့် ကလပ်အသင်းကလူတွေကို ကျွန်တော် ယုံကြည်လို့ပဲ။”

Photo Credit : Vanguard News

“စွပ်စွဲခံထားရတဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး လာမယ့် ဖေဖော်ဝါရီ ဒါမှမဟုတ် မတ်လမှာ စီရင်ချက်ချမှာကိုလည်း ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်။ ကျွန်တော်တို့သာ တန်းဆင်းသွားရင် ဘာဖြစ်မလဲဆိုတော့ အဲ့ဒီလို ဖြစ်သွားလဲ ကျွန်တော်က ဒီအသင်းမှာ ဆက်ရှိနေမှာပဲ။ သူတို့က ကျွန်တော်တို့ကို ဘယ်အထိတောင် ချပစ်လိုက်မလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။”

“ဘယ်အထိကိုပဲ ရောက်သွားပါစေ ကျွန်တော်တို့က ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်တက်လာမှာပဲ။ အဲ့ဒါကို ခံစားမိရတယ်။” လို့ ဂွါဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့လည်း ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိမယ့် (၁)နှစ် + ထပ်ဆောင်း (၁)နှစ်သက်တမ်းတိုးခွင့် ပါဝင်တဲ့ စာချုပ်သစ်တစ်ရပ်ကိုလည်း ဒီရက်ပိုင်းအတွင်းကပဲ ချုပ်ဆိုသွားခဲ့ပါတယ်။