မန်ချက်စတာ စီးတီးအသင်းဟာ မနေ့ညက အိမ်ကွင်း အီတီဟတ်မှာ အဲဗာတန်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ဒီရလဒ်ဟာ ကျေနပ်စရာကောင်းတဲ့ ရလဒ်မျိုး မဟုတ်ပေမယ့်လည်း ကစားသမားတွေကတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

စပါးအသင်းကို ခါရာဘောင် လိဂ်ဖလားပွဲမှာ ရှုံးနောက်ပြီးနောက်ပိုင်းမှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၃)ပွဲအတွင်း နိုင်ပွဲဆိုလို့ နော်တင်ဟမ် ဖောရက်စ် တစ်သင်းတည်းကိုသာ အနိုင်ရခဲ့ပြီး ပွဲပေါင်း (၉)ပွဲအထိ ဆက်တိုက် ရှုံးနိမ့်ထားခဲ့ရတဲ့ မန်စီးတီးက အခုလည်း အဲဗာတန်အသင်းကို ဦးဆောင်ခွင့် ရထားပါလျက်နဲ့ သရေတစ်မှတ်သာ ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီပွဲမှာ ဘာနာဒို ဆေးလ်ဗားက မန်စီးတီးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့် ဆေးလ်ဗားကပဲ နောက်ထပ် အပိုင်အခွင့်အရေးကြီးတစ်ခုကို လွဲချော်ခဲ့သလို ဝေဖန်မှုဒဏ်တွေ ခံနေရတဲ့ အာလင်း ဟာလန်းကလည်း အသင်းအတွက် အရေးပါတဲ့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့်လည်း ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့ဘဲ ပစ်ဖို့ဒ်က ကာကွယ်နိုင်ခဲ့ပါတယ်။

အခုဆိုရင် မန်စီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၇)နေရာအထိတောင် ရောက်ရှိနေရသလို ဇယားထိပ်က လီဗာပူးလ်နဲ့ (၁၄)မှတ် အဆင့်(၄)နေရာက အာဆင်နယ်အသင်းနဲ့ (၁)ပွဲအသာ (၅)မှတ်အထိတောင် ကွာဟနေရပြီဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

Photo Credit : Goal

ဒီပွဲနဲ့ ပတ်သက်ပြီး မန်စီးတီးနည်းပြကြီး ဂွါဒီယိုလာကတော့ “ကျွန်တော်တို့ ကစားပုံက တကယ်ကောင်းခဲ့ပါတယ်။ ပထမပိုင်းမှာ ပိုကောင်းခဲ့တယ်။ ဒုတိယပိုင်းရဲ့ (၁၀)မိနစ် (၁၅)မိနစ်နဲ့ ပင်နယ်တီ ရလိုက်ချိန်တွေအထိလည်း ကောင်းမွန်ခဲ့တယ်။ သူတို့ကတော့ ပထမဆုံး ခြိမ်းခြောက်မှုကနေ ဂိုးစရသွားခဲ့တယ်။ ကျွန်တော်တို့တွေ ရှုံးသွားနိုင်တဲ့ အခြေအနေအထိလည်း ဖြစ်သွားနိုင်ခဲ့တယ်။”

“ပွဲရလဒ်ကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် ကျေနပ်စရာမကောင်းဘူးလို့ ဆိုနိုင်ပေမယ့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ပုံကိုင်ပုံတွေကတော့ ထက်မြက်နေခဲ့ပါတယ်။ ကျွန်တော်တို့က လိုနေတဲ့ ဂိုးတွေ မသွင်းယူနိုင်ခဲ့တာကတော့ တကယ်ဆိုးပါတယ်။ ဘောလုံးပွဲဆိုတာက နိုင်ပွဲတွေ ရယူနိုင်ဖို့ ဂိုးတွေသွင်းယူဖို့ ဂိုးတွေမပေးရဖို့ ဖြစ်ပေမယ့်လည်း ဒါတွေကို ကျွန်တော်တို့ မလုပ်ဆောင်နိုင်သေးပါဘူး။ လက်စတာနဲ့ပွဲမှာတော့ အတက်နိုင်ဆုံး အကောင်းဆုံး စိတ်နေစိတ်ထားမျိုးနဲ့ ကစားသွားပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။