MySport Myanmar

ဟာလန်းက စီးတီးရဲ့ အသင်းခေါင်းဆောင် ဖြစ်လာမယ့်သူလို့ ဆိုလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာ စီးတီးအသင်းနည်းပြ ပပ် ဂွါဒီယိုလာက သူ့အသင်းရဲ့ တိုက်စစ်ကစားသမား အာလင်း ဟာလန်းဟာ အနာဂတ်မှာ အသင်းခေါင်းဆောင် ဖြစ်လာနိုင်မယ့် ကစားသမားမျိုး ဖြစ်ကြောင်းနဲ့ ဟာလန်းရဲ့ ခေါင်းဆောင်မှု အရည်အသွေးကိုလည်း သူ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အသက်(၂၄)နှစ်အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ ၂၀၂၂ခုနှစ် နွေမှာကတည်းက ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင် မန်စီးတီးကစားသမားဘဝ တတိယမြောက် ဘောလုံးရာသီအဖြစ် ဖြတ်သန်းနေသလို အသင်းအတွက် အရေးအပါဆုံး ကစားသမားပါ ဖြစ်နေရပါတယ်။

Photo Credit : ESPN

စီးတီး ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ ဟာလန်းက ပရီးမီးယားလိဂ် (၃၆)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့လို့ ပရီးမီးယားလိဂ်မှာ စံချိန်သစ်ပါ တင်ရှိနိုင်ခဲ့ပြီး အခုဆိုရင် ပရီးမီးယားလိဂ် (၉၁)ပွဲကစား (၈၂)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ မန်စီးတီး တိုက်စစ်ပိုင်းအတွက် အားထားရတဲ့ တိုက်စစ်မှူး ဟာလန်းက အခုဆိုရင် အသင်းရဲ့ အနာဂတ် အသင်းခေါင်းဆောင်တစ်ဦးပါ ဖြစ်လာဖို့ ရှိနေပါတယ်။

လက်ရှိ မန်စီးတီးရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ ကယ်လ်ဗင် ဒီဘရိုင်းက ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းကနေလည်း ထွက်ခွာသွားရဖို့ ရှိနေသလို အသင်းအတွင်းမှာလည်း အသင်းခေါင်းဆောင် ရာထူးက အပြောင်းအလဲ ရှိလာနိုင်ပြီး နောက်ခံလူ ရူဘင် ဒီးယက်စ်က အသင်းခေါင်းဆောင် ဖြစ်လာနိုင်ပါတယ်။

Photo Credit : Goal

ဒီးယက်စ်အပြင် ကွင်းလယ်လူ ရိုဒရီ ၊ ဂွန်ဒိုဂန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ဟာလည်း ဒီရာသီရဲ့ အသင်းခေါင်းဆောင်စာရင်းထဲမှာ ပါဝင်နေကြပြီး အသင်းကနေ ဒီဘရိုင်း ထွက်ခွာသွားမယ်ဆိုရင်လည်း ဒီကစားသမားတွေက အသင်းခေါင်းဆောင်တွေ ဖြစ်လာနိုင်သလို ဟာလန်းလည်း အသင်းခေါင်းဆောင် ဖြစ်လာနိုင်တယ်လို့ ဂွါဒီယိုလာက ဆိုလိုက်ပါတယ်။

“ကျွန်တော် ဟာလန်းကို ခေါင်းဆောင်အဖွဲ့ထဲ ထည့်ဖို့ မဲပေးခဲ့တာ။ သူက ဒီမှာ ၁၀ နှစ်လောက် ရှိနေမှာလေ။ နောက်ပြီး သူလည်း ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာပါ။ ဒါက သူ့ရဲ့ တိုးတက်မှု အဆင့်ဆင့်ပဲ။” လို့ ဂွါဒီယိုလာက မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

Exit mobile version