မန်ချက်စတာ စီးတီးအသင်းဟာ မနေ့ညက နော်တင်ဟမ် ဖောရက်စ်အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး ဒီရာသီရဲ့ ပရီးမီးယားလိဂ် လက်ကျန် (၁၀)ပွဲလုံးကို ဗိုလ်လုပွဲစဉ်တွေသဖွယ် သဘောထားကာ ပွဲတိုင်း အနိုင်ရအောင် ကစားသွားရတော့မယ်လို့ မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက ပြောဆိုလာခဲ့ပါတယ်။
မနေ့ညက နော်တင်ဟမ်ရဲ့ အိမ်ကွင်း စီးတီးဂရောင်းမှာ မန်စီးတီးနဲ့ နော်တင်ဟမ်တို့ ယှဉ်ပြိုင်ခဲ့ရာ ဒီပွဲကို စီးတီး အနိုင်ရလိုက်တာနဲ့ အဆင့်(၃)ထိ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့်လည်း နော်တင်ဟမ်က ဟတ်ဆန် အိုဒွိုင်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရလိုက်တာကြောင့် အဆင့်(၄)က စီးတီးကို (၄)မှတ်အထိ ဖြတ်တောက်နိုင်လိုက်ပါတယ်။
Photo Credit : The Independent
ဒီပွဲမှာ နော်တင်ဟမ်က game plan ကောင်းကောင်းနဲ့ သူတို့ကစားချင်တဲ့ ပုံစံအတိုင်း ကစားသွားနိုင်ခဲ့သလို ရလာတဲ့ အခွင့်အရေးကနေလည်း အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ မန်စီးတီးကလည်း ဒီပွဲမှာ ခံစစ်ကစားပုံ ကောင်းမွန်ပေမယ့် ကွင်းလယ်နဲ့ တိုက်စစ်ကတော့ ကျေနပ်စရာကောင်းအောင် မကစားနိုင်ခဲ့သလို final third ထဲ ရောက်ချိန်မှာတောင် ဘောလုံးပေးပို့မှုနဲ့သာ အချိန်ကုန်နေရပါတယ်။
ဒီပွဲနဲ့ ပတ်သက်ပြီး နည်းပြဂွါဒီယိုလာက “ခက်ခဲခဲ့တဲ့ ပွဲတစ်ပွဲပါ။ ကျွန်တော်တို့က အသွင်ကူးပြောင်းမှုတွေကို တကယ်ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခွင့်အရေးတွေ အများကြီး မဖန်တီးနိုင်ပေမယ့် သူတို့က တကယ် ကောင်းကောင်း ကာကွယ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့မှာ ကန်သွင်းဖို့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် တိကျမှု မရှိခဲ့ပါဘူး။”
Photo Credit : Goal
“နောက်ဆုံးမှာ အသွင်ကူးပြောင်းမှုတစ်ခုနဲ့ ကျွန်တော်တို့ လွယ်လွယ်ကူကူ ဘောလုံးဆုံးရှုံးခဲ့ပြီး သူတို့ ဂိုးသွင်းသွားခဲ့တယ်။ သူတို့က ခံစစ်မှာ တကယ်ကို ကောင်းကောင်း ကာကွယ်နိုင်ခဲ့ပြီး ကျွန်တော်တို့က နောက်ဆုံးအခိုက်အတန့်မှာ တိကျမှုကို ရှာမတွေ့ခဲ့ပါဘူး။ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ (၁၀)ပွဲကျန်ပါသေးတယ်။”
“ဝင်ခွင့်ရဖို့အတွက် အဲ့ဒီပွဲတွေကို ဗိုလ်လုပွဲတွေလို သဘောထား ကစားပြီး အနိုင်ရယူရပါမယ်။ ကျွန်တော်တို့က အခွင့်အရေး အနည်းငယ်သာ ခွင့်ပြုခဲ့ပါတယ်။ တကယ်ကို အနည်းငယ်လေးပါ။ ခံစစ်ပိုင်းအရ ကျွန်တော်တို့ တကယ် ကောင်းခဲ့ပါတယ်။ စည်းချက်က အမြင့်ဆုံး မဟုတ်ပေမယ့် ပွဲက တကယ် ခက်ခဲခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ လာမယ့်ပွဲအတွက် ပြင်ဆင်သွားပါတော့မယ်။” လို့ ပြောကြားခဲ့ပါတယ်။