အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၂-၃ မန်ချက်စတာ စီးတီး ပွဲအပြီးမှာ သူ့ရဲ့ ကစားသမားတွေဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို နောက်ထပ်တကြိမ် ကိုင်မြှောက်နိုင်ဖို့ စိတ်အားထက်သန်နေကြတယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေ စတဲ့ ဆုဖလား ၃လုံးစလုံးကို တပြိုင်နက်ထဲ ရယူနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတို့ကို သိမ်းပိုက် ရရှိထားပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူတွေက မန်ချက်စတာ စီးတီးကို လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်း အဖြစ် တညီတညွတ်ထဲ သတ်မှတ်ထားကြပြီး မန်ချက်စတာ စီးတီးကလည်း ကမ္ဘာ့အကောင်းဆုံးအသင်း ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီတဲ့ ခြေစွမ်းကောင်းတွေကို တောက်လျှောက် ပြသထားပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ရတဲ့ နယူးကာဆယ်နဲ့ မန်ချက်စတာ စီးတီးတို့ ပွဲစဉ်မှာလည်း စီးတီးက ပွဲချိန် ၇၀မိနစ်ကျော် အထိ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်နေခဲ့ပေမယ့် ကွင်းလယ်ဗိုလ်ချုပ် ဒီဘရိုင်းရဲ့ အံ့မခန်း စွမ်းဆောင်ရည်တွေကြောင့် နောက်ကျအနိုင်ဂိုး သွင်းယူကာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ အဖိုးတန်နိုင်ပွဲ ရခဲ့ပါတယ်။

 

Photo Credit: Sky Sports

အဆိုပါနိုင်ပွဲကြောင့် မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၀ပွဲ ကစားထားပြီးချိန် ရမှတ် ၄၃မှတ်နဲ့အတူ အဆင့်(၂)နေရာဆီ ပြန်လည် ရောက်ရှိလာခဲ့ပြီး အဆင့်(၁)နေရာမှာ ရှိနေတဲ့ ပြိုင်ဘက် လီဗာပူးနဲ့ ရမှတ် ၂မှတ်သာ ကွာဟပါတော့တယ်။

ဒါကြောင့်လည်း မန်ချက်စတာ စီးတီး နည်းပြချုပ် ပပ် ဂွာဒီယိုလာက သူတို့အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို ထပ်မံ ကိုင်မြှောက်ဖို့ အဆင်သင့်ပဲလို့ ကြွေးကြော်သွားခဲ့တာပါ။ ဂွာဒီယိုလာက – “ကျွန်တော့်ရဲ့ ကစားသမားတွေက အောင်မြင်မှုတွေကို ဆာလောင်နေပါပြီ။ သူတို့အားလုံးက ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် ထပ်ပြီး အောင်ပွဲခံချင်နေပါတယ်။ ကယ်ဗင် ဒီဘရိုင်းကတော့ ပါရမီ ထူးကဲလွန်းတဲ့ ကစားသမားပါ။ သူက နည်းစနစ်တွေနဲ့ ကစားနေတာ မဟုတ်ပဲ ပါရမီနဲ့ ကစားတဲ့ အဆင့်အတန်းဆီ ရောက်သွားပါပြီ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။