ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက သူတို့ရဲ့ အဓိက ပြိုင်ဘက်တွေထဲက တသင်း ဖြစ်တဲ့ ချယ်လ်ဆီးကို ၂ပွဲဆက် အနိုင်ရရှိပြီးနောက် ပေါ်တာကို အချိန်ပေးဖို့ ချယ်လ်ဆီးပိုင်ရှင် ဘိုလေအား တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးတို့က ၃ရက်တာ ကာလအတွင်းမှာ ၂ကြိမ်ဆက် ထိပ်တိုက် တွေ့ဆုံခဲ့တာ ဖြစ်ပြီး ပထမအကြိမ် အဖြစ် ချယ်လ်ဆီးရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာ စီးတီးက ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့သလို ယမန်နေ့ညမှာ ဒုတိယအကြိမ် အဖြစ် မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အက်ဖ်အေဖလားပွဲမှာ မန်ချက်စတာ စီးတီးက ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ၊ ခြေပြတ် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့် မန်ချက်စတာ စီးတီးက ချယ်လ်ဆီးကို ၃ရက်တာ ကာလအတွင်းမှာ ၂ကြိမ်ဆက် အနိုင်ရခဲ့တာ ဖြစ်ပြီး ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဆိုရင် မန်ချက်စတာ စီးတီးက အဓိက ကစားသမားတွေ ဖြစ်တဲ့ ဟာလန်း ၊ ဒီဘရိုင်း ၊ စတုန်း ၊ ဂန်ဒိုဂန် စတဲ့ ကစားသမားတွေကို အနားပေးခဲ့သည့်တိုင် မန်ချက်စတာ စီးတီးက ချယ်လ်ဆီးကို မာရက်ဇ် ၊ အယ်ဗာရက်ဇ်နဲ့ ဖိုဒန်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

မန်ချက်စတာ စီးတီး ၄-၀ ချယ်လ်ဆီး ပွဲစဉ်အပြီးမှာတော့ မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာက ချယ်လ်ဆီးနည်းပြ ပေါ်တာဟာ နည်းပြကောင်း တဦး ဖြစ်ကြောင်းနဲ့ ချယ်လ်ဆီးက ပေါ်တာကို အချိန်ပေးကာ စောင့်ကြည့်သင့်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဂွာဒီယိုလာက – “ကျွန်တော်က အခု တော့ပ် ဘိုလေကို စကားတခွန်း ပြောချင်ပါတယ်။ အဲ့ဒါကတော့ ပေါ်တာကို အချိန်ပေးဖို့ပါပဲ။ ကျွန်တော်က အသင်းကြီးတွေမှာ ရလဒ်ကောင်းတွေ ရဖို့ လိုတယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ဂရေဟမ် ပေါ်တာကို အချိန်ပေးသင့်တယ်လို့ပဲ အကြံပေးချင်ပါတယ်။ ဒီနေ့ပွဲရဲ့ ဒုတိယပိုင်းမှာ သူ သုံးခဲ့တဲ့ နည်းစနစ်တွေက ဘရိုက်တန်မှာတုန်းက သူ သုံးခဲ့တဲ့ နည်းစနစ်တွေ အတိုင်းပါပဲ။ အတော်လေးကို ကောင်းပါတယ်။ နည်းပြတိုင်းက အသင်းသစ်မှာ အချိန် လိုအပ်ပါတယ်။ ဒါကိုလည်း ပေါ်တာက ထုတ်ပြောပြီးသားပါ။ ကျွန်တော်တို့က ပထမဦးဆုံးရာသီမှာ အသင်းသစ်နဲ့ အသားကျဖို့ အချိန် လိုအပ်ခဲ့တာချည်းပါပဲ” လို့ ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေကို အကြံပေးသွားခဲ့တာပါ။