မန်ချက်စတာ စီးတီးအသင်းနည်းပြ ပက်ပ် ဂွာဒီယိုလာက လက်ရှိ ဘောလုံးရာသီဟာ သူ့အတွက်တော့ စီးတီးနည်းပြဘဝအတွင်း အခက်ခဲဆုံးသော ရာသီတစ်ခုကို ရင်ဆိုင် ဖြတ်သန်းနေရသလို ဖြစ်နေရတယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိမှာ ချန်ပီယံလိဂ် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲ (၃)ခုလုံးမှာ ချန်ပီယံ ဖြစ်နိုင်ခြေ အလားအလာကောင်းတွေ ရှိနေပေမယ့် ချန်ပီယံလိဂ်မှာ ရီးယဲလ်ကို အနိုင်ယူဖို့ လိုအပ်နေသလို ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံ ဖြစ်လာဖို့အတွက် လက်ကျန်ပွဲတွေကို အမှားမခံပဲ ကစားသွားရပါတော့မယ်။

Photo Credit : Ipswich Star

ဂွာဒီယိုလာက ပြီးခဲ့တဲ့ ဘောလုံးရာသီကပဲ မန်စီးတီးအသင်းကို သမိုင်းဝင် Treble Champions ဖြစ်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး ဒီရာသီမှာလည်း အလားတူ အောင်မြင်မှုမျိုးကို ထပ်မံ လုပ်ဆောင်ပြနိုင်မယ့် အခြေအနေမှာ ရှိနေပေမယ့်လည်း အတော်လေး ခက်ခဲနိုင်ဖွယ်လည်း ရှိနေပါတယ်။

“ကျွန်တော်တို့ ဘာအတွက် ကစားနေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီရာသီဟာလည်း အကြောင်းပြချက်များစွာနဲ့ ဘယ်လောက်အထိ ခက်ခဲနေလဲဆိုတာ သိထားပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ အခက်ခဲဆုံး ရာသီတွေထဲက တစ်ခုလည်း ဖြစ်နိုင်ပါတယ်။”

Photo Credit : Eurosport

“ဒီရာသီတွေထဲမှာ ဘယ်လောက်အထိ ခက်ခဲနေလဲဆိုတာ သိထားပေမယ့်လည်း ကျွန်တော်တို့က ပြိုင်ပွဲအစုံမှာ ရှိနေတုန်းပါပဲ။ ဒီအတွက် ကစားသမားတွေလည်း အဆင်သင့် ဖြစ်နေပါလိမ့်မယ်။ ရိုဒရီကလည်း မက်ဒရစ်နဲ့ပွဲအပြီးမှာ သူပင်ပန်းနေပြီလို့ ထုတ်ပြောခဲ့တာက ပွဲက အတော်လေး ခက်ခဲတာကြောင့်ပါ။ ဒါပေမယ့် သူ လူတန်နဲ့ပွဲကို သေချာပေါက် ဝင်ကစားပါလိမ့်မယ်။”

“ရိုဒရီမှ မဟုတ်ပါဘူး။ တခြားကစားသမားတွေကိုလည်း ကျွန်တော် အနားပေးချင်ပေမယ့် ကျွန်တော်တို့မှာ အခက်အခဲလေးတွေ ရှိတာမို့ အနားပေးလို့က မရဘူး။” လို့ ဂွာဒီယိုလာက ပြောဆိုလာခဲ့ပါတယ်။ မန်စီးတီးက ဒီနေ့မှာ လူတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ကစားရမှာဖြစ်ပြီး လူတန်နဲ့ ပွဲစဉ်အပြီး ရီးယဲလ်နဲ့ ချန်ပီယံလိဂ် ကွာတား ဒုကျော့ပွဲကို ဆက်လက် ဆင်နွဲသွားရမှာပဲ ဖြစ်ပါတယ်။