MySport Myanmar

ဂွန်ဒိုဂန် ပြန်ရောက်လာပေမယ့် အသင်းကနေ ဘယ်ကစားသမားမှ မရောင်းချဘူးလို့ ဂွာဒီယိုလာ ဆို

မန်ချက်စတာ စီးတီးအသင်းဟာ အသင်းခေါင်းဆောင်ဟောင်းကြီး အီကိုင်းလ် ဂွန်ဒိုဂန်ကို ဘာစီလိုနာအသင်းကနေ ပြန်လည် ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း ဈေးကွက်ထဲမှာ အသင်းက ကစားသမားတွေကိုတော့ ရောင်းထုတ်သွားဖို့ အစီအစဉ် မရှိဘူးလို့ အသိပေး ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ဒီနွေမှာ ထရွိုင်စ်အသင်းရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ဆာဗီယိုနဲ့ ကစားသမားဟောင်းကြီး ဂွန်ဒိုဂန်တို့ကိုသာ အသင်းအတွက် ခေါ်ယူထားခဲ့ပြီး အသင်းကနေတော့ အဲလ်ဗာရက်ဇ် ဂိုးမက်ဇ် ကော်တို ဒွိုင်းလ်နဲ့ ဟားဝုဒ်ဘဲလစ်တို့ကို ရောင်းထုတ်ထားခဲ့ပါတယ်။

Photo Credit : Reddit

ကွင်းလယ်ကစားသမားကြီး ဂွန်ဒိုဂန် အသင်းဆီ ရုတ်တရက် ပြန်ရောက်ရှိလာချိန်မှာ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာက ဂွန်ဒိုဂန်အပြင် ရိုဒရီ ဒီဘရိုင်း ကိုဗာဆစ် နူးနက်စ် မက်အာတီတို့ ရှိနေတာကြောင့် မာသီးယပ်စ် နူးနက်စ်နဲ့ ဂျိမ်းစ် မက်အာတီတို့ရဲ့ ပွဲကစားခွင့်တွေက နည်းပါးလာနိုင်သလို ဒီကစားသမားတွေရဲ့ အနာဂတ်ဟာလည်း လှုပ်ခတ်လာနိုင်ပါတယ်။

ဒါပေမယ့် မန်စီးတီး နည်းပြကြီး ဂွာဒီယိုလာကတော့ သူတို့အသင်းအနေနဲ့ ဒီရာသီထဲ ပွဲပေါင်းများစွာ ကစားရမှာဖြစ်လို့ အသင်းက ကစားသမားတွေကို လိုအပ်မှာ ဖြစ်သလို ဂွန်ဒိုဂန် ပြန်ရောက်လာသည့်တိုင် အသင်းကနေ ဘယ်ကစားသမားကိုမှ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

Photo Credit : Fabrizio Romano

“ဂွန်ဒိုဂန် ရောက်လာပေမယ့် အသင်းက ကစားသမားတွေ အားလုံးကတော့ အသင်းမှာပဲ ဆက်ရှိနေမှာပါ။ ကျွန်တော်တို့အသင်းမှာ squad death အပြည့်လည်း မရှိပါဘူး။ ကစားသမားအရေအတွက်ကလည်း (၁၉) (၂၀) (၂၁)ဦးလောက်ပဲ ရှိနေပါတယ်။ ကစားသွားရမယ့် ပွဲတွေကလည်း အများကြီးပဲ ရှိနေတာဖြစ်လို့ ကစားသမားတိုင်းက ပွဲကစားခွင့်အတွက် တိုက်ပွဲဝင်ရပါလိမ့်မယ်။” လို့ ဂွာဒီယိုလာက ပြောဆိုလာပါတယ်။

လက်ရှိ မန်စီးတီးအသင်းမှာ တိုက်စစ်ပိုင်းအတွက် အဲလ်ဗာရက်ဇ်က အသက်လက်တီကိုအသင်းဆီ ထွက်ခွာသွားသလို လူငယ် တောင်ပံကစားသမားလေး အော်စကာ ဘော့ဘ်ကလည်း ဒဏ်ရာရရှိနေပေမယ့် တိုက်စစ်ကစားသမားသစ် ထပ်မံ ခေါ်ယူသွားဖို့ အစီအစဉ် မရှိပဲ ဖြစ်နေပါတယ်။

Exit mobile version