MySport Myanmar

ဒီဘရိုင်းက အသင်းမပြောင်းပဲ မန်စီးတီးမှာသာ ဆက်ရှိနေမယ်လို့ ဂွာဒီယိုလာ ဆို

မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက အသင်းရဲ့ အဓိက ကစားသမား ကွင်းလယ်ဖန်တီးရှင် ကယ်လ်ဗင် ဒီဘရိုင်းက ဒီနွေဈေးကွက်မှာ အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက် ရှိသွားမှာဖြစ်တယ်လို့ အတိအလင်း ပြောကြားသွားခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားကြီး ဒီဘရိုင်းဟာ နောက်ပိုင်းနှစ်တွေအတွင်း ဒဏ်ရာရရှိမှုတွေ ကြံခိုင်မှု မပြည့်ဝမှုတွေနဲ့ ရုန်းကန်ခဲ့ရသလို သူနဲ့ မန်စီးတီးအသင်းတို့ရဲ့ကြား စာချုပ်သက်တမ်းဟာလည်း ၂၀၂၅ခုနှစ် ဇွန်လမှာပဲ ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Sporting News

ဒီလို အခြေအနေမှာ ဒီဘရိုင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလဟာလတွေက ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဒီဘရိုင်းဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက် သူ့ဘက်ကနေ သဘောတူညီလိုက်တယ်ဆိုတဲ့ သတင်းကြီးပါ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါသေးတယ်။

တကယ်တော့ ဒီဘရိုင်းဟာ ၂၀၁၅ခုနှစ်ကတည်းကနေ မန်စီးတီးအသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အသင်းအတွက် big game player တစ်ဦးဖြစ်တဲ့အပြင် မန်စီးတီးအတွက်လည်း ပြိုင်ပွဲစုံပွဲပေါင်း (၃၈၀) ကစားပေးခဲ့ရင်း သွင်းဂိုးစုစုပေါင်း (၁၀၂)ဂိုး သွင်းယူခဲ့ပြီး ဂိုးပေါင်း (၁၇၀)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

ဒီလို အသင်းအတွက် မဖြစ်မနေ အရေးပါတဲ့ ကစားသမားတစ်ဦးကို မန်စီးတီးက ဒီနွေမှာပဲ အသင်းကနေ လက်လွတ်သွားတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ဒီဘရိုင်းကလည်း ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့သွားတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး နည်းပြ ဂွာဒီယိုလာက ငြင်းဆန်သွားခဲ့ပြီး ဒီဘရိုင်းက အသင်းမှာသာ ဆက်ရှိသွားမယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ဒီဘရိုင်းဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ဘောလုံးရာသီ (၉)ရာသီအထိကို ဖြတ်သန်းခဲ့ပြီးနောက်ပိုင်း ဂိုးဖန်တီးမှုပေါင်း (၁၁၂)ကြိမ်အထိ လုပ်ဆောင်ခဲ့ရင်းနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယမြောက် ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ်နဲ့ပါ ရပ်တည်နိုင်ခဲ့သလို လာမယ့်ရာသီမှာပါ ဒီဘရိုင်းရဲ့ assists တွေကို ဆက်လက် မြင်တွေ့သွားရဖို့ ရှိနိုင်ပါတယ်။

Exit mobile version