မန်စီးတီးအသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီအတွင်း အထူးသဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယခင်နှစ်တွေကလို ပုံစံကောင်းမျိုး ပြန်လည်ပြသနိုင်ဖို့အတွက် ရုန်းကန်လို့နေရပေမယ့်လည်း အသင်းနည်းပြ ပတ်ဂွာဒီယိုလာကတော့ သူအနေနဲ့ လာမယ့်ဆောင်းရာသီ ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမားသစ်တွေကို ခေါ်ယူသွားမှာမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : AS English

မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ကစားခဲ့သမျှ ပွဲစဉ်တိုင်းကို အနိုင်ယူခဲ့ပြီး အုပ်စုအဆင့်ပွဲတွေ မပြီးဆုံးခင်မှာပဲ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲဘက်ခြမ်းမှာတော့ တာထွက်ဆိုးရွှားလျက်ရှိနေပြီး (၈)ပွဲကစားထားပြီးနောက် နိုင်ပွဲ(၃)ပွဲသာ ရယူထားခဲ့ပြီး သရေပွဲ(၃)ပွဲနဲ့ ရှုံးပွဲ(၂)ပွဲ ရှိထားခဲ့ကာ ရမှတ်(၁၂)မှတ်နဲ့ အဆင့်(၁၄)နေရာအထိကို ရောက်ရှိလို့နေပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိ အမှတ်ပေးဇယားကို ဦးဆောင်လို့နေတဲ့ စပါးအသင်းနဲ့လည်း ရမှတ်(၈)မှတ်အထိကို ကွာဟလျက်ရှိလို့နေပါတယ်။

Photo Credit : Manchester Evening News

ဒီလိုအခြေအနေရှိနေတဲ့ မန်စီးတီးအသင်းအနေနဲ့ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ ကစားသမားသစ်အနည်းငယ်လောက် ခေါ်ယူသွားနိုင်ဖွယ်ရှိနေတယ်ဆိုပြီး အားကစားသတင်းမီဒီယာတွေကနေ ဖော်ပြနေကြပေမယ့်လည်း မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ဆောင်းစျေးကွက်မှာ အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို လုပ်ဆောင်သွားမှာမဟုတ်ဘူးလို့ ယတိပြတ်ပြောဆိုလိုက်ပါတယ်။ ဂွာဒီယိုလာက “ကစားသမားခေါ်ယူမှုတွေကို လုပ်ဆောင်မှာမဟုတ်ပါဘူး။ အခုလည်း ကျွန်တော့်ဆီမှာ ဆုဖလားအားလုံးအတွက် အကောင်းဆုံးစိန်ခေါ်နိုင်မယ့် လူစာရင်းမျိုးကို ပိုင်ဆိုင်လို့ထားပါတယ်” လို့ အသင်းရဲ့တရားဝင်ဝက်ဆိုဒ်ကနေ ထုတ်ဖော်ပြောဆိုလို့သွားပါတယ်။ ဒါ့အပြင် ဂွာဒီယိုလာဟာ အိုလံပီယာကော့စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ အသင်းအတွက် အကောင်းဆုံး ကစားသွားနိုင်ခဲ့တဲ့ နောက်ခံလူဂျွန်စတုန်းစ်ရဲ့ ကစားပုံကို အားရကျေနပ်လျက် ရှိလို့နေပြီး အခုလို ပုံစံကောင်းတွေ ပြန်လည်ပြသနိုင်တဲ့ စတုန်းစ်ကြောင့် အလွန်ပျော်ရွှင်မိတယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ စတုန်းစ်ဟာ သူရဲ့ခြေစွမ်းပိုင်း ကျဆင်းနေမှုတွေကြောင့် အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးလို့နေပြီး အသင်းကနေ ထွက်ခွာသွားဖို့အထိပါ နီးစပ်ခဲ့ပေမယ့်လည်း လက်ရှိမှာ သူရဲ့Form တစ်ခုကို ပြန်ထိန်းထားနိုင်ခဲ့လို့ အသင်းမှာ ပွဲထွက်ခွင့်များများ ပြန်လည်ရလာနိုင်တယ်လို့လည်း ဂွာဒီယိုလာက သုံးသပ်ပြောဆိုလိုက်ပါတယ်။