ဒီနေ့ စနေနေ့ရဲ့ မြန်မာစံတော်ချိန် ည(၇)နာရီအချိန် အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကို ကျင်းပစေမှာဖြစ်ပြီး ဒီမြို့ခံဒါဘီပွဲစဉ်ကိုလည်း ယခင်နှစ်များစွာက ကိုယ်တိုင်ပါဝင်ဆင်နွဲခဲ့ဖူးတဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်လ်ဒိုက အခုအခါ တကျော့ပြန် သူရဲ့မြို့ခံအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

ဂျုဗင်တပ်စ်အသင်းကနေ အသင်းဟောင်း ယူနိုက်တက်ဆီကို ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ လက်ရှိမှာ အသင်းရဲ့ကယ်တင်ရှင် အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားရဲ့ ကယ်တင်ရှင်တစ်ဦး ဖြစ်လို့နေပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၁၂)ပွဲအတွင်းမှာ သွင်းဂိုး(၉)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အသက်(၃၆)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ရော်နယ်လ်ဒိုအနေနဲ့ အခုလို အံ့အားသင့်စဖွယ် ဂိုးသွင်းစွမ်းရည်မျိုးကို အသက်(၇၅)နှစ်အရွှ့ယ်လောက် ရောက်ရှိလာတဲ့အထိ ဆက်လက်ပြသနေနိုင်ဦးမှာဖြစ်တယ်လို့ သူနဲ့ရင်ဆိုင်ရမယ့် မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Youtube

ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ဂွာဒီယိုလာက “သူက သူ့ဘဝတစ်လျှောက်လုံး ဂိုးတွေသွင်းယူနိုင်လိမ့်မယ်။ သူ့အသက် (၇၅)နှစ်အရွှယ်လောက်ကို ရောက်သွားပြီ ဘောလုံးသမားဘဝကနေလည်း အနားယူသွားပြီဆိုရင်တောင် သူ့ကိုယ်ပိုင်ခြံလေးထဲမှာ အသားကင်လေးလုပ်စားရင်း ဘောလုံးပွဲ အသေးလေးတွေ ကစားတဲ့အခါမျိုးမှာလည်း သူဂိုးတွေကို သွင်းပြဦးမှာပဲ။ လီယွန်နယ်မက်ဆီလို ခရစ္စတီယာနိုရော်နယ်လ်ဒိုတို့လို ကစားသမားတွေက ကမ္ဘာ့ဘောလုံးလောကရဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ သူတို့အသင်းတွေအတွက် သွင်းဂိုးတွေကို များစွာသွင်းယူပေးခဲ့ အောင်ပွဲတွေများစွာကို ရယူပေးခဲ့ကြတဲ့ တကယ့်ကစားသမားကောင်းတွေပါ။ အခုလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို သူပြန်လည်ရောက်ရှိလာတာ အရမ်းကောင်းပါတယ်။ ယူနိုက်တက်က ရော်နယ်လ်ဒိုကို ပိုင်ဆိုင်တယ်။ ရော်နယ်လ်ဒိုကလည်း ယူနိုက်တက်ကို ပိုင်ဆိုင်တယ်။ ဒါက အံ့ဝင်ခွင်ကျမှု တစ်ခုပါပဲ။ ဒါက အတိတ်မှာ ဖြစ်ခဲ့တာဆိုပေမယ့်လည်း လက်ရှိမှာရော အနာဂတ် အခြေအနေတစ်ခုမှာပါ ဖြစ်နေနိုင်သေးတယ်။ ကျွန်တော်တို့တွေ စောင့်ကြည့်ရပါလိမ့်မယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။