မန်စီးတီးအသင်းရဲ့ နည်းပြပတ်ဂွာဒီယိုလာက သူတို့အသင်းနဲ့ ဒီနေ့ညမှာ ရင်ဆိုင်သွားရမယ့် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ နေမာ ကီလီယန်အမ်ဘာပေတို့ဟာ တကယ့်ကို တိုက်စစ်အရည်အသွေးကောင်းတွေကို ပိုင်ဆိုင်ထားကြသူတွေဖြစ်လို့ ညအိပ်ခါနီးမှာ သူတို့အကြောင်းတွေကို တွေးတောမိခဲ့ရင် အိပ်လို့တောင်မပျော်နိုင်တော့ဘူးလို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Bharat Express News

မန်စီးတီးအသင်းဟာ ဒီနေ့ညမှာ (၁)နာရီခွဲအချိန်မှာ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ပဲရစ်မြေမှာ သွားရောက်ကစားရမှာဖြစ်ပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာကလည်း သူရဲ့ပြိုင်ဘက်ဟောင်းဖြစ်တဲ့ ပိုချက်တီနိုနဲ့ ပြန်လည်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ဂွာဒီယိုလာ ရင်ဆိုင်ရမယ့် ပီအက်စ်ဂျီအသင်းဟာ အုပ်စုအဆင့်မှာ မန်ချက်စတာယူနိုက်တက် လိုက်ပ်ဇစ်တို့ကို အနိုင်ယူခဲ့တာဖြစ်သလို ရှုံးထွက်အဆင့်တွေမှာလည်း ဘာစီလိုနာ ဘိုင်ယန်မြူးနစ်တို့လို အသင်းမျိုးတွေကိုပါ ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

အားကောင်းမောင်းသန် တိုက်စစ်အစုအဖွဲ့တစ်ခုဖြစ်တဲ့ နေမာ ဘာပေတို့ကို ပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၅)ပွဲအတွင်းမှာလည်း စုစုပေါင်းသွင်းဂိုး (၁၅)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို တိုက်စစ်အားကောင်းလာတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးတွေအကြောင်းကို မတွေးဖြစ်မိတဲ့ ညတွေမှသာ ကောင်းကောင်းအိပ်ပျော်ရတယ်လို့ ဂွာဒီယိုလာက ပြောဆိုလာခဲ့ပါတယ်။ ဂွာဒီယိုလာက “ဒီကစားသမားတွေမှာ ရှိလို့နေတဲ့ အရည်အသွေးတွေနဲ့ဆိုရင် ဘယ်လိုခံစစ်ဗျူဟာနဲ့ကမှ ဟန့်တားနိုင်ဖို့ မလွယ်ဘူးလို့ ကျွန်တော်ထင်မိတယ်။ သူတို့တွေက အရမ်းကို ကောင်းမွန်လွန်းပါတယ်။ ကျွန်တော် မနေ့ညကဆို ကောင်းကောင်းအိပ်ပျော်အောင် ကြိုးစားခဲ့တယ်။ အိပ်လည်းပျော်ခဲ့တယ်။ ဒါက သူတို့အကြောင်းတွေကို မတွေးမိလိုက်တာကြောင့်ပါ။ အဲ့ဒါက တကယ်ပါ။ ပွဲကစားတဲ့အခါကျရင်တော့ ကျွန်တော်တို့တွေ သူတို့ကို ဟန့်တားလို့ရနိုင်အောင် ကြိုးပမ်းမှာပါ။ အသင်းသားတွေအနေနဲ့ ခံစစ်ကိုလည်း အတူကစားပြီး သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ကိုပါ အတူကြိုးပမ်းမယ့် ပုံစံမျိုးနဲ့ ကစားသွားမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းအတွက် ချန်ပီယံလိဂ်ဖလားကို ရယူပေးသွားဖို့ ချိန်ရွှယ်ထားတာဖြစ်ပြီး ဒီရာသီအတွင်း အသင်းအတွက် ဖလား(၃)လုံး ရယူပေးနိုင်ဖို့လည်း အခြေအနေကောင်းလျက် ရှိနေပါတယ်။