MySport Myanmar

သူက အီတလီ ဘောလုံးလောကကို ဖျက်ဆီးဖို့အထိ မတော်ပါဘူးလို့ ဂွါဒီယိုလာ တုံ့ပြန်

နာမည်ကျော် ဘောလုံးနည်းပြဟောင်းကြီး ဖာဘီယို ကာပယ်လိုဟာ မန်ချက်စတာ စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာကို ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့တဲ့အပေါ် ဂွာဒီယိုလာက ပြန်လည် တုံ့ပြန်ခဲ့ပြီး သူ့အနေနဲ့ အီတလီဘောလုံးကို ဖျက်ဆီးဖို့လောက်အထိ မတော်ပါဘူးလို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

အေစီမီလန်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ နည်းပြဟောင်းကြီး ကာပယ်လိုက ဂွါဒီယိုလာကို မောက်မာတယ်လို့ စွပ်စွဲပြီး သူ့ရဲ့အဓိက ဇာတ်ကောင်ဖြစ်ချင်တဲ့ ဆန္ဒက သူ့ကို ချန်ပီယံလိဂ် ဆုဖလားအများအပြား ဆုံးရှုံးစေခဲ့တယ်လို့ ငြင်းခုံခဲ့ပါတယ်။ ဒါ့အပြင် ကာပယ်လိုက ဂွါဒီယိုလာရဲ့ ဒဿနကို အီတလီမှာ အတုယူဖို့ ကြိုးစားနေပေမယ့် ထိရောက်စွာ အကောင်အထည်ဖော်ဖို့ ကစားသမားတွေရဲ့ အရည်အသွေး မရှိတာကြောင့် စီးရီးအေ ကလပ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဟန်ကို ဆုံးရှုံးခဲ့ရတယ်လို့ ထင်မြင်ခဲ့ပါတယ်။

Photo Credit : Goal

သူက “သူ့အမှား မဟုတ်တော့ရင်တောင် ဘောလုံးကို အများကြီး ထိခိုက်စေခဲ့တယ်။ ဘာလို့လဲဆိုတော့ လူတိုင်းက သူ့ကို ၁၀ နှစ်ကြာ အတုခိုးဖို့ ကြိုးစားခဲ့တယ်။ အဲဒါက အီတလီဘောလုံးကို ဖျက်ဆီးမိသွားခဲ့တယ်။ အဲဒါက သူ့ရဲ့ သဘာဝကို ဆုံးရှုံးခဲ့တယ်။ ကျွန်တော်က ရပ်လိုက်တော့ မင်းမှာ ဂွာဒီယိုလာရဲ့ ကစားသမားတွေ မရှိဘူးလို့ ပြောခဲ့တယ်။ ကောင်းကောင်းကစားဖို့ ဒါပဲလုပ်ဖို့လိုတယ်ဆိုတဲ့ မိုက်မဲတဲ့ အယူအဆလည်း ရှိခဲ့တယ်။” လို့ သူ့ရဲ့ စိတ်ပျက်မှုကို ဖော်ပြခဲ့ပါတယ်။

သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ကာပယ်လိုရဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဂွါဒီယိုလာက “လူတွေက ကျွန်တော့်အကြောင်း ပြောသမျှ အားလုံးကို ကျွန်တော် နားထောင်တယ်။ အားလုံးကို နားထောင်တယ်။ ဒါကြောင့် သတိထားပါ။” လို့ သူက သတင်းထောက်တွေကို ဟာသလုပ် ပြောကြားခဲ့ပါတယ်။

Photo Credit : Football365

သူ့ရဲ့ နည်းဗျူဟာတွေနဲ့ ပတ်သက်ပြီး ကာပယ်လိုရဲ့ ရေရှည်ထင်မြင်ချက်ကို အသိအမှတ်ပြုပြီး ဂွါဒီယိုလာက “ဒါက မစ္စတာ ဖာဘီယို ကာပယ်လိုက ဒီလိုမျိုး တစ်ခုခု ပြောတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဒါပေမယ့် အီတလီဘောလုံးကို ဖျက်ဆီးဖို့လောက်အထိ ကျွန်တော် မတော်ပါဘူး။ အီတလီဘောလုံးက ကျွန်တော်တို့ ကစားတဲ့ပုံစံထက် အများကြီး ပိုကြီးပါတယ်။ ဖာဘီယိုအတွက် ကြီးမားတဲ့ ပွေ့ဖက်မှုတစ်ခု ကြီးမားတဲ့ ပွေ့ဖက်မှုတစ်ခုပါ။” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာက ကာပယ်လိုရဲ့ မှတ်ချက်တွေကို ပခုံးတွန့်ပြခဲ့ပေမယ့် ၂၀၂၄-၂၅ ရာသီဟာ မန်စီးတီးအတွက် စိန်ခေါ်မှုများတဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ လက်ရှိမှာတော့ Top 4 အတွင်း ရပ်တည်နိုင်ဖို့နဲ့ FA Cup ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့က စီးတီးအတွက် အဓိက ရည်မှန်းချက် ဖြစ်နေရပါတယ်။

Exit mobile version