အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ်ဂွာဒီယိုလာ ကတော့ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်မီ သူ့ရဲ့ မန်ချက်စတာ စီးတီးအသင်းဟာ သမိုင်းသစ် ရေးထိုးဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ကြုံးဝါးသွားပါတယ်။ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ အသင်းပိုင်ရှင် အပြောင်းအလဲနဲ့ အတူ ဆယ်စုနှစ် ၂ခုအတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း ဖြစ်လာခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ပြည်တွင်းဖလားတွေကို အကြိမ်ကြိမ် ရရှိခဲ့ပေမယ့် ဥရောပရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး ဆုဖလား ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခြင်း မရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ယခုနှစ်မှာတော့ မန်ချက်စတာ စီးတီးအသင်းဟာ အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာတော့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ်။ မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပေါ်တူဂီနိုင်ငံ ပေါ်တိုမြို့မှာ ရှိတဲ့ Estadio do Dragao ကွင်းကြီးထဲမှာ ကျင်းပသွားမှာ ဖြစ်ပြီး ကွင်းလယ်ဒိုင်အဖြစ် စပိန်နိုင်ငံသား အန်တိုနီယိုက တာဝန်ယူသွားမှာပါ။ ချယ်လ်ဆီးအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်မီမှာတော့ ဂွာဒီယိုလာက သူ့ရဲ့ အသင်းဟာ သမိုင်းသစ်ကို ရေးထိုးဖို့ အဆင်သင့်ပဲ လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Marca

ဂွာဒီယိုလာက – “ကစားသမားတွေက အဆင်သင့် ဖြစ်နေကြပါပြီ။ သူတို့အားလုံး ဘယ်လောက် ကောင်းလဲ ဆိုတာ ကျွန်တော် သိပြီးသားပါ။ အဲ့ဒါကြောင့် ကျွန်တော့်ဘက်က သူတို့ စိတ်ကျေနပ်အောင် လေ့ကျင့်ခန်း တခု ၊ နှစ်ခုကို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကစားသမား အများစုကို ကျွန်တော်က နှစ်ပေါင်းများစွာ သိခဲ့တာပါ။ ကျွန်တော့်ဆီမှာ ဖိုင်နယ်အတွက် အိုင်ဒီယာတခု ရှိပါတယ်။ ဒါပေမယ့် ပွဲထွက် လူစာရင်း ၁၁ယောက်ကိုတော့ အခုထိ မရွေးရသေးပါဘူး။ ကျွန်တော်က ဘောလုံးရာသီ တခုကို ဒီရာသီမှာတော့ ငါတို့ ဖိုင်နယ်ကိုပဲ ရောက်အောင် သွားမယ် ဆိုပြီး မတွေးဖူးပါဘူး။ ကျွန်တော် ဘာစီလိုနာမှာ ရှိနေခဲ့တဲ့ အချိန်တွေကတည်းက အဲ့လိုမျိုး အတွေး မရှိခဲ့ဘူး။ ကျွန်တော်တို့ ပြိုင်ပွဲကနေ အစောကြီး ထွက်ရသည် ဖြစ်စေ ၊ မထွက်ရသည် ဖြစ်စေ ကျွန်တော်တို့ရဲ့ ပစ်မှတ်က ချန်ပီယ ဖြစ်ဖို့ပါ” လို့ ပြောကြားခဲ့တာပါ။