စနေနေ့မှာ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ မှာ မန်ချက်စတာ စီးတီး အသင်း က ဖူလ်ဟမ် အသင်းနဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်ဟာဆိုရင် မန်စီးတီး အသင်း နည်းပြ ပပ်ဂွာဒီယိုလာ အတွက် နည်းပြဘဝ ပွဲ ၇၀၀ ပြည့်မြောက်တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာမှာ ဖြစ်ပြီးတော့ ဂွာဒီယိုလာ အနေနဲ့ သူ အနားမယူခင် အထိ အဆိုပါ ပမာဏ ကို နှစ်ဆ နီးပါး ရောက်ရှိအောင် လုပ်ဆောင်သွားဖို့ မျှော်လင့်နေပါတယ်။ စပိန်လူမျိုးနည်းပြ တစ်ဦး ဖြစ်တဲ့ ဂွာဒီယိုလာဟာ ဥရောပရဲ့ ထိပ်တန်းနည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီးတော့ နိုင်ငံ သုံးနိုင်ငံမှာ အောင်မြင်မှုတွေ ရှာဖွေနိုင်ခဲ့သူ ဖြစ်ပါတယ်။

Photo Credit: The Sun

ဂွာဒီယိုလာ ဟာ စပိန်၊ ဂျာမနီ နဲ့ အင်္ဂလန် အစရှိတဲ့ နိုင်ငံ သုံးနိုင်ငံမှာ အသင်းကြီးသုံးသင်းကို ကိုင်တွယ်ခဲ့ပြီးတော့ ဆုဖလားပေါင်း မြောက်များစွာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဖူလ်ဟမ် အသင်း နဲ့ ပွဲစဉ်ဟာ ဂွာဒီယိုလာ အတွက် နည်းပြ ဘဝ ပွဲ ၇၀၀ ပြည့်မြောက်တဲ့ ပွဲတစ်ပွဲ ဖြစ်လာမယ့် အပြင် မန်စီးတီးနည်းပြ ဘဝ ပွဲ ၂၅၀ ပြည့်မြောက်မယ့် ပွဲစဉ်တစ်ပွဲလည်း ဖြစ်ပါတယ်။ မန်စီးတီး အသင်းအနေနဲ့ အဆိုပါ ပွဲစဉ်မှာ အဓိကတိုက်စစ်ကစားသမား အဂူရို ဒူးဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ စီးတီး အနေနဲ့ ဖူလ်ဟမ် အသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ နောက်ဆုံး ၉ ပွဲမှာ ၉ ပွဲစလုံး အနိုင်ရရှိထားပြီးတော့ သွင်းဂိုး ၂၇ ဂိုးအထိ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။ ဂွာဒီယိုလာ ဟာ သူ့ရဲ့ ပွဲ ၇၀၀ ပြည့်မြောက်တဲ့ ခံစားချက်နဲ့ ဆက်လက် ပြီးတော့ နည်းပြအဖြစ် လုပ်ကိုင်သွားဖို့ ရှိနေသေးကြောင်းကို အခုလိုပဲ ပြောဆိုထားပါတယ်။

Photo Credit: The Sun

“ ပွဲပေါင်း ၇၀၀ ရှိပါပြီ။ ကျွန်တော် နောက်ထပ် ပွဲ၇၀၀ နည်းပြချင်ပါသေးတယ်။ အဲ့ဒါပြီးရင်တော့ နည်းပြဘဝ ကနေ အနားယူပါပြီ။ ကျွန်တော် အဲ့ဒါကို လုံးဝ မမျှော်လင့်ထားပါဘူး။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ် နဲ့ ဒီမှာ ရှိကြတဲ့ ကစားသမားတွေ နဲ့ အသင်းဝန်ထမ်းတွေ အတွက် ပွဲပေါင်း ၇၀၀ ကိုင်တွယ်ပေးခဲ့ပြီး အနည်းငယ်လောက်ပဲ ရှုံးနိမ့်ခဲ့ရတာက အတော်ကောင်းပါတယ်။ အဲ့ဒါက နံပါတ်ကောင်း တစ်ခုပါပဲ။ ကျွန်တော်တို့ အတူတကွ မယုံနိုင်စရာ ကောင်းတဲ့ အရာတွေကို လုပ်ခဲ့ပြီးပါပြီ။ အနာဂါတ်မှာလည်း ဒီထက် ပိုလုပ်ဆောင်နိုင်ဖို့ ကို မျှော်လင့်ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဂွာဒီယိုလာ ဟာ ယခုလက်ရှိ အချိန်ထိ ပွဲပေါင်း ၆၉၉ ပွဲ ကိုင်တွယ်ထားခဲ့ပြီးတော့ ၅၀၆ ပေါင်း အနိုင်ရရှိအောင် စွမ်းဆောင် ပေးထားနိုင်ပြီး ၈၂ ပွဲသာ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ ရာခိုင်နှုန်း အားဖြင့် ဖော်ပြရမယ် ဆိုရင် အနိုင်ရရှိမှုနှုန်းက ၇၂.၄ % အထိ ရှိနေပါတယ်။