ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၇-၀ လိဒ် ပွဲစဉ်အပြီးမှာပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် သွင်းဂိုး ၅၀၀ကို အမြန်ဆုံး ပြည့်ခဲ့တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။

အသက် ၅၀ အရွယ် စပိန်လူမျိုး ထိပ်တန်းနည်းပြ တဦး ဖြစ်သူ ဂွာဒီယိုလာဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို မန်ချက်စတာ စီးတီးအသင်းကိုလည်း ၂၀၁၆ခုနှစ်မှ စတင်ကာ တာဝန်ယူ ကိုင်တွယ်ခဲ့သူ တဦးပါ။

Photo Credit: Manchester City FC

မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဘဝ ၅နှစ်ကျော် ကာလအတွင်းမှာ ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ် ဆုဖလား ၃ကြိမ် ၊ ကာရာဘောင်းဖလား ၄ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကွန်မြူနတီဒိုင်း ၂ကြိမ် ရယူနိုင်ခဲ့ပြီး အသင်းကိုလည်း သမိုင်းတလျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ အရောက် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၇-၀ လိဒ်ယူနိုက်တက် ပွဲစဉ်ဟာ ဂွာဒီယိုလာရဲ့ နည်းပြဘဝ ၂၀၇ပွဲမြောက် ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်ခဲ့သလို အဆိုပါပွဲစဉ်မှာ သွင်းဂိုး ၇ဂိုး အထိ ရရှိခဲ့တာကြောင့် သူ့ရဲ့နည်းပြဘဝ ပရီးမီးယားလိဂ် သွင်းဂိုး အရေအတွက်ကလည်း ၅၀၆ဂိုး အထိ ရှိခဲ့ပါတယ်။

Photo Credit: Sky Sports

 

ဒါကြောင့်လည်း ဂွာဒီယိုလာဟာ သူ့ရဲ့ ပြိုင်ဘက်ကောင်းလို့ ဆိုရမယ့် လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်(၂၃၄ပွဲ) ၊ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်(၂၆၅ပွဲ)တို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက်မှာ သွင်းဂိုး ၅၀၀ကို အမြန်ဆုံး ပြည့်ခဲ့တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တာပဲ ဖြစ်ပါတယ်။