အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့ပြီးနောက် မန်ချက်စတာ စီးတီးအသင်းရဲ့ သမိုင်းမှာ နိုင်ပွဲအများဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် ချယ်လ်ဆီးအသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ရပြီး အဆိုပါပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းတရပ်ကို ထုတ်ပြနိုင်ခဲ့ကာ အိမ်ရှင် ချယ်လ်ဆီးအသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားပြီး ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ပါတယ်။

Photo Credit: Bein Sports

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီးအသင်း အတွက် တလုံးထဲသော အနိုင်ဂိုးကို ပွဲကစားချိန် ၅၃မိနစ်မှာ တိုက်စစ်မှူး ဂျေဇူးက သွင်းယူပေးခဲ့တာ ဖြစ်ပြီး မန်ချက်စတာ စီးတီးအသင်းဟာ နောက်ထပ် သွင်းဂိုးတွေ ထပ်မံ ရရှိဖို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ချယ်လ်ဆီး ဂိုးသမား မန်ဒီရဲ့ အကောင်းမွန်ဆုံး လက်စွမ်းတွေကြောင့်သာ သွင်းဂိုးတွေ ထပ်မံ မရခဲ့တာပါ။

ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့ပြီးနောက် ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီး နည်းပြဘဝ နိုင်ပွဲ စုစုပေါင်းဟာ ၂၂၁ပွဲ အထိ ရှိလာခဲ့ပြီး ဂွာဒီယိုလာဟာ အသင်းရဲ့ ဂန္တဝင် နည်းပြကြီး မက်ဒေါ်ဝယ်ရဲ့ နိုင်ပွဲ၂၂၀ ဆိုတဲ့ စံချိန်ကို တပွဲအသာနဲ့ စံချိန်သစ် ရေးထိုးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Bein Sports

မန်ချက်စတာ စီးတီးအသင်းရဲ့ သမိုင်းဝင် နည်းပြတဦး ဖြစ်လာတဲ့ အတွက် သူ့ရဲ့ ပျော်ရွှင်မှုတွေကို ဂွာဒီယိုလာက အခုလိုပဲ မျှဝေသွားခဲ့ပါတယ်။ ဂွာဒီယိုလာက – “ဒီနေ့ပွဲမှာ ကျွန်တော့်ရဲ့ ကစားသမားတွေ အားလုံး အရမ်း တော်ကြပါတယ်။ ဒီကွင်းမှာ ဒီလိုပြိုင်ဘက်ကောင်းကို အကောင်းဆုံး ခြေစွမ်းနဲ့ အနိုင်ရခဲ့တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့က ဒီနေရာကို ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကို ပြသဖို့ လာခဲ့ကြတာပါ။ တခါတလေတော့ ပြိုင်ဘက်က ပိုကောင်းနေတဲ့အခါ အကောင်းဆုံး ပုံစံကို ပြသနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ကျွန်တော်တို့က ဒီပွဲမှာ တိုက်စစ်ပိုင်း အထိ ဖိအားပေး ကစားခဲ့ပြီး သူတို့ကို ကစားကွက် တည်မရအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ နိုင်ပွဲအများဆုံး စံချိန်ကို ရခဲ့တဲ့ အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။ ပြီးတော့ စတမ်းဖို့ဒ် ဘရေ့ဂျ်ကွင်းကြီးထဲမှာ ချန်ပီယံလိဂ် ချန်ပီယံကို အနိုင်ရပြီး ရရှိခဲ့တဲ့ စံချိန်ဖြစ်လို့ ပိုပြီး ဝမ်းသာမိပါတယ်” လို့ ပြောကြားခဲ့တာပါ။