မန်ချက်စတာ စီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာက ခရစ္စတယ် ပဲလေ့စ်အသင်းကို (၅)ဂိုး (၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် အံ့မခန်း ခြေစွမ်းပြသခဲ့တဲ့ ကွင်းလယ်ကစားသမား ကီဗင် ဒီဘရိုင်းအပေါ် ချီးကျူးစကားတွေ ပြောဆိုသွားခဲ့ပါတယ်။
အသက်(၃၃)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ ဒီဘရိုင်းဟာ ဒီပွဲစဉ်မှာ အသင်းအတွက် ဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ်နဲ့အတူ အသင်းရဲ့ နိုင်ပွဲအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ စီးတီးကလည်း ဒီပွဲမှာ (၂၁)မိနစ်မှာပဲ ပေးဂိုး(၂)ဂိုး ခွင့်ပြုထားပြီးမှ (၅)ဂိုးပြန်သွင်းပြီး ပြန်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit : Premier League
မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ဒီဘရိုင်းဟာ နှစ်တွေကြာအောင် လှုံ့ဆော်မှုဖြစ်စေတဲ့ ခြေစွမ်းမျိုးကို ပြန်လည် ပြသနိုင်ခဲ့တာကြောင့် သူ့ကို အများကြီး ချီးကျူးသွားခဲ့ပါတယ်။ ပွဲအပြီး ဒီဘရိုင်းအကြောင်း သတင်းထောက်တွေကို ပြောကြားရာမှာ ဂွါဒီယိုလာက “နှစ်ပေါင်းများစွာ ကျွန်တော်တို့ သိခဲ့တဲ့ ကီဗင်ပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က သူ အခက်အခဲတွေနဲ့ ရုန်းကန်ခဲ့ရတယ်ဆိုတာ ကျွန်တော် သိပါတယ်။”
“သူက နာကျင်မှုမရှိတော့အချိန်မှာ လွတ်လွတ်လပ်လပ်နဲ့ လုံးဝ ကွဲပြားခြားနားပါတယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံက သူ့ကို အံ့သြဖွယ်ကောင်းတဲ့ ပြေးအားကောင်းတဲ့ ကစားသမားတွေ လူငယ်တွေ နောက်ခံလူတွေနဲ့ အများကြီး အထောက်အကူဖြစ်စေခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းဟာ ၂၀၂၃ ခုနှစ် နွေရာသီကတည်းက ဒဏ်ရာအမျိုးမျိုးနဲ့ ရုန်းကန်ခဲ့ရပြီး လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်းမှာ သူ့အသင်းအတွက် တည်ငြိမ်တဲ့ စွမ်းဆောင်မျိုး ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
Photo Credit : ESPN
ဒီဘရိုင်းဟာ ဒီရာသီအကုန်မှာပဲ မန်စီးတီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်သလို သူကိုယ်တိုင်ကလည်း ရာသီအကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာသွားတော့မှာ ဖြစ်တယ်လို့ အတိအလင်း ထုတ်ပြန် အသိပေးသွားခဲ့ပါသေးတယ်။ စီးတီးနဲ့ ဆယ်စုနှစ်တစ်ခုထိ ဖြတ်သန်းခဲ့တဲ့ ဒီဘရိုင်းဟာ အသင်းနဲ့အတူ ဆုဖလားပေါင်းများစွာကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကတည်းက ဝုလ်ဖ်ဘတ်ကနေ မန်စီးတီးအသင်းဆီ ရောက်လာခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ ရာသီအကုန်မှာ အသင်းနဲ့ လက်တွဲဖြုတ်တော့မယ်လို့ အသိပေးပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကစားခဲ့ရတဲ့ ပွဲစဉ်မှာပဲ လုံးဝ ခြေစွမ်းပြသနိုင်ခဲ့သလို ဒီဘရိုင်းကိုယ်တိုင်ကလည်း အသင်းက မထွက်ခွာခင် အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် လုပ်ဆောင်ပေးသွားချင်တယ်လို့ ပြောဆိုထားပါတယ်။