ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာစီးတီး အသင်းဟ,မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ် ၁၄အဖြစ် ဆောက်သမ်တန် အသင်းကို စိန့်မေရီ ကွင်းထဲမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီးတော့ ပွဲကစားချိန် ၁၆ မိနစ်မှာ သွင်းယူခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား စတာလင် ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ ကျဉ်းမြောင်းတဲ့ အနိုင်ရလဒ်တစ်ခုကို ပုံဖော်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မန်ချက်စတာစီးတီး အသင်းရဲ့ နည်းပြ ဖြစ်သူ ပပ်ဂွာဒီယိုလာက ဆောက်သမ်တန် ကွင်းလယ်ကစားသမား ဝက်ဒ်ပရော့စ် ကို သူမြင်ဖူးသမျှ အလွတ်တည်ကန်ဘော ကန်သွင်းသူတွေထဲမှာ အကောင်းဆုံးပဲ လို့ ချီးကျူး ပြောဆို သွားခဲ့ပါတယ်။

 

Photo Credit: Daily Mail

ဆောက်သမ်တန် အသင်းအနေနဲ့ သွင်းဂိုး မရရှိခဲ့ပေမယ့် အကောင်းဆုံး အခွင့်အရေးနှစ်ကြိမ် ရရှိခဲ့ပြီး ထိုအထဲကမှ တစ်ကြိမ်ကတော့ ဝက်ဒ်ပရော့စ် ရဲ့ ထောင့်ကန်ဘော က တင်ပေးလိုက်တဲ့ ဘောလုံးကို ဂျန်းနစ်ဗက်စတာဂတ် က ခေါင်းတိုက်သွင်းတဲ့ အလုံးပဲ ဖြစ်ပါတယ်။ ဝက်စ်ပရော့ဒ်ဟာ ပြိုင်ဘက် အသင်းတွေ အတွက် အန္တရာယ်ရှိတဲ့ ကစားသမားမျိုး ဖြစ်ပြီးတော့ တစ်ပွဲတည်းမှာပဲ အလွတ် တည်ကန်ဘော ကနေ သွင်းဂိုး နှစ်ဂိုး ရယူနိုင်တဲ့ ပရီးမီးယားလိဂ် သမိုင်းမှာ ၉ ယောက်မြောက် ကစားသမား စံချိန်ကို နိုဝင်ဘာလ ၁ ရက်နေ့က ကစားခဲ့တဲ့ အက်စ်တွန်ဗီလာ နဲ့ ပွဲစဉ်မှာ ရယူနိုင်ခဲ့သလို မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲစဉ်တုန်းကလည်း အလွတ်တည်ကန်ဘောကနေ တစ်ဂိုး သွင်းယူပြီး ထောင့်ကန်ဘောကနေ တစ်ဂိုး ဖန်တီး ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

ဂွာဒီယိုလာ ကတော့ သူ့ရဲ့ ပွဲစဉ်မှာ အခုလို အလွတ်တည်ကန်ဘောတွေ မပေးခဲ့ရတာ အတွက် ဝမ်းသာနေတယ်လို့တောင် ဆိုပါတယ်။ “ ကျွန်တော်တို့ ဒုတိယပိုင်းမှာ အရှိန်ပိုရပြီး ကောင်းအောင် ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် သွင်းဂိုးတွေတော့ မရရှိခဲ့ပါဘူး။ နည်းနည်းလေးတောင် မနီးစပ်ခဲ့ပါဘူး။ ဂိုးဧရိယာထဲမှာ သူတို့ရဲ့ ကစားသမားတွေ အများကြီး ရှိနေတယ်။ အဲ့ဒါက ထိုးဖောက်ရ ခက်ပါတယ်။ သူတို့က တိုက်စစ်ဆင်ဖို့တောင် ခွင့်မပြုခဲ့ဘူး။ ဒါကြောင့်မို့လည်း သူတို့က အရမ်းကောင်းနေတာပေါ့။ ဒါကြောင့်မို့ သူတို့က ပြဿနာတွေ ဖန်တီးနိုင်နေတာ။ သူတို့မှာ ကျွန်တော့် ဘဝ တစ်လျှောက်လုံး မြင်ဖူးသမျှ ကစားသမားထဲမှာ အကောင်းဆုံး ဖရီးကစ် ကန်သွင်းနိုင်တဲ့ ဝက်ဒ်ပရော့စ် လို ကစားသမားမျိုး ရှိတယ်။ ဇယားမှာ သူတို့ရဲ့ အနေအထားအရ၊ ရာ့ဖ် က အကောင်းဆုံး လုပ်ဆောင်နေတာပါ ” လို့ ပြောဆိုခဲ့ပါတယ်။