မန်ချက်စတာ စီးတီး အသင်း ရဲ့ နည်းပြ ဖြစ်သူ ပပ်ဂွာဒီယိုလာ ကတော့ စနေနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ် အသင်း နဲ့ ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာနဲ့ ပတ်သက်ပြီး အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်နေပုံတော့ရပါတယ်။ မန်စီးတီး အသင်းက အိမ်ကွင်း အီးတီးဟတ် မှာ နယူးကာဆယ် အသင်းကို ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အဖြစ် လက်ခံကစားခဲ့ပြီး ပွဲကစားချိန် ၁၄ မိနစ်မှာ သွင်းယူခဲ့တဲ့ မန်စီးတီး ကွင်းလယ် ကစားသမား ဂန်ဒိုဂန် ရဲ့ သွင်းဂိုး နဲ့ ပွဲကစားချိန် ၅၅ မိနစ်မှာ သွင်းယူခဲ့တဲ့ တိုက်စစ်ကစားသမား ဖာရန်တောရက်စ် တို့ရဲ့ သွင်းဂိုးတွေ နဲ့ အတူ ၂ ဂိုး- ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ အပေါ် ဂွာဒီယိုလာက ဒီရာသီ အကောင်းဆုံး စွမ်းဆောင်ရည်လို့တောင် ခေါင်းစဉ်တပ်ပြီး အသင်းရဲ့ ကစားသမားတွေ ကို ချီးကျုးလိုက်ပါတယ်။

Photo Credit: Express

မန်စီးတီး အသင်းဟာ နယူးကာဆယ် အသင်းနဲ့ ပွဲစဉ်မှာ ဂိုးမပေးခဲ့ရတာကြောင့် နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲဆက် clean sheets ရယူထားနိုင်တယ်ဆိုတဲ့ စံချိန်ကို ဆက်လက်ပိုင်ဆိုင်သွားခဲ့ပါတယ်။ အဆိုပါ စံချိန်ဟာ ၂၀၂၀-၂၁ ရာသီ မှာ အခြားသော ဥရောပလိဂ်ပြိုင်ပွဲတွေက ထိပ်ဆုံး ငါးသင်းတွေထက် ပိုမို ပြီးတော့ clean sheets ရယူထားနိုင်တဲ့ ပမာဏလည်း ဖြစ်ပါတယ်။ မန်စီးတီး နည်းပြ ဂွာဒီယိုလာ က တော့ ပွဲအပြီးမှာ အခုလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။ “ ဒါက ဒီရာသီ အကောင်းဆုံး စွမ်းဆောင်ရည်ပါ။ ဘောလုံးပွဲဆိုတာ စည်းချက်တစ်မျိုးတည်းပေါ်မှာ ကစားရတာပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ အနေနဲ့ ပြောင်းလဲလွယ်တဲ့ အတက်၊ အကျ စည်းချက်မျိုးမှာ ကစားလို့ လုံးဝ မရပါဘူး။ မှန်ကန်တဲ့ အချိန်မှာ တိုက်စစ်ဆင်ဖို့ရာ အတွက် ဘောလုံးပေးပို့မှုပေါင်း သန်းထောင်ချီပြီးတော့ လုပ်နိုင်တဲ့ အရှိန်မျိုး ခင်ဗျား အနေနဲ့ လုပ်ရပါမယ် ”

Photo Credit: Express

“ အဲ့ဒီလို လုပ်ဖို့ဆိုရင် ကစားသမားတိုင်းက သူ့နေရာနဲ့သူ ရှိနေရပါမယ်။ ပြီးတော့ သူတို့ရဲ့ တာဝန်ကို အကောင်းဆုံး လုပ်ဆောင်နိုင်ရပါမယ်။ ဒီနေ့က ဥပမာ အကြီးကြီးပါပဲ။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ နောက်တန်းမှာ ၁၀ ယောက်ရှိနေတဲ့ အသင်းမျိုးကို တိုက်စစ်ဆင် ကစားရတာက မလွယ်ကူပါဘူး။ ဒါပေမယ့် ကောင်လေးတွေက အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့ ပုံစံ အတွက် ကျွန်တော် အရမ်း ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ ရရှိတဲ့ ရမှတ်အတွက် အကျိုးဆက် ကတော့ ရှိစမြဲပါပဲ။ ကျွန်တော်တို့ နောက်တစ်ပွဲ အနိုင်ရခဲ့ပြီ။ နေရာတစ်ခုကို တက်လှမ်းနိုင်ခဲ့ပြီ။ အခုတော့ ကောင်းတဲ့ အခြေအနေမှာ ဖြစ်နေပါစေ၊ ဆိုးတဲ့ အခြေအနေမှာ ဖြစ်နေပါစေ ကျွန်တော်တို့ မရပ်တန့်နိုင်သေးပါဘူး။ ကျွန်တော်တို့ အေးအေးဆေး‌ဆေး ဖြစ်ဖို့‌တော့ လိုပါမယ်။ ဘာလို့လဲဆိုရင် နောက်ထပ် ၄၄ ရာရီမပြည့်ခင် အချိန်မှာတင် ကျွန်တော်တို့ ဂွတ်ဒီဆန်ပတ် ကို သွားပြီး နောက်တစ်ပွဲ ကစားရမှာ ကြောင့်ပါ။ ရလဒ်က တော့ ခင်ဗျား ဘယ်လို ကစားလဲဆိုတဲ့ အပါ်မှာ အမြဲ အကျိုးသက်ရောက်မှု ရှိစမြဲပါပဲ။ ဒါဟာ ကျွန်တော်တို့ ရဲ့ အတိတ်က အောင်မြင်မှု ဖြစ်ပြီးတော့ နောက်နှစ်တွေမှာလည်း အခုလိုပဲ ဆက်ကစားသွားပါမယ် ” လို့ ပြောကြားခဲ့ပါတယ်။