ပူပူနွေးနွေး ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယမန်နေ့မှာပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးကို တာဝန်ယူ ကိုင်တွယ်ဖို့ သဘောတူညီမှု ရခဲ့တဲ့ ဩစတေးလျလူမျိုး နည်းပြ ပိုစတီဂိုဂလူဟာ ထူးချွန်တဲ့ နည်းပြတဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

လန်ဒန်မြို့ အခြေစိုက် နာမည်ကြီးကလပ် စပါးက ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို တောက်လျှောက် ဝင်ပြိုင်ခွင့် ရခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ နည်းပြအပြောင်းအလဲတွေ လုပ်ဆောင်ခဲ့မှုကြောင့် ရလဒ်တွေ ဆိုးဝါးခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲခဲ့တဲ့ အပြင် ဥရောပပြိုင်ပွဲတွေကို ဝင်ပြိုင်ခွင့်ပါ မရခဲ့ပါဘူး။

Photo Credit: Football London

ဒါကြောင့်ပဲ စပါးဥက္ကဌ လီဗိုင်းက ယခုချိန်မှာ အသင်းကို အစအဆုံး သွေးသစ်လောင်းဖို့ ဆုံးဖြတ်လိုက်ပြီး နည်းပြချုပ်ရာထူး အတွက် ပြီးခဲ့တဲ့ ၂ရာသီမှာ စကော့တလန် ထိပ်သီးကလပ် ဆဲလ်တစ်နဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဩစတေးလျနည်းပြ ပိုစတီဂိုဂလူကို ခေါ်ယူခဲ့ပါတယ်။

ဩစတေးလျလူမျိုး နည်းပြချုပ် ပိုစတီဂိုဂလူက ယမန်နေ့ညမှာပဲ စပါးဆီ ၃နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပြီး လက်ရှိမှာတော့ စပါးက ဆဲလ်တစ်နဲ့ ပိုစတီဂိုဂလူ အတွက် ပြောင်းရွှေ့ကြေးကို စတင် ညှိနှိုင်းနေပါပြီ။

Photo Credit: Daily Mail

ပိုစတီဂိုဂလူက ဥရောပမှာ နာမည်သိပ်မရှိတဲ့ နည်းပြတဦး ဖြစ်တာကြောင့် စပါးပရိသတ်တွေက ပိုစတီဂိုဂလူကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ် သဘောမကျကြပဲ မန်ချက်စတာ စီးတီး နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာကတော့ ပိုစတီဂိုဂလူဟာ ထူးချွန်တဲ့ နည်းပြကောင်း တဦး ဖြစ်တာကြောင့် စပါးကို လမ်းကြောင်းမှန်ပေါ် ပြန်ဆွဲတင်နိုင်လိမ့်မယ်လို့ ပြောကြားကာ ပိုစတီဂိုဂလူကို ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ လီဗိုင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “စပါးရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တဲ့ ဆုံးဖြတ်ချက် တခုပါ။ နောက်ထပ် ထူးချွန်တဲ့ နည်းပြကောင်း တဦးက ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ထပ်ရောက်လာပါပြီ။ ကျွန်တော်က ပိုစတီဂိုဂလူ တယောက် ယိုကိုဟားမားအသင်းကို တာဝန်ယူ ကိုင်တွယ်နေချိန်တုန်းက သူနဲ့ ဆုံဖူးပါတယ်။ အဲ့ဒီလို ဆုံခွင့်ရတာကလည်း ကံကောင်းခြင်း တမျိုးပါပဲ။ သူက ဆဲလ်တစ်မှာလည်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်လေ” လို့ စပါးနည်းပြသစ် ပိုစတီဂိုဂလူကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။