လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃)မှာ နယူးကာဆယ်ကို တဖက် သုံးဂိုးစီနဲ့ သရေရလဒ် ရရှိအောင်သာ ကစားနိုင်ခဲ့ပြီးနောက် ပြိုင်ဘက် နယူးကာဆယ်ဟာ ရင်ဆိုင်ရခက်တဲ့ အသင်းတစ်သင်း ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

စပိန်လူမျိုး ထိပ်တန်းနည်းပြ ပပ် ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း အဖြစ် ပရိသတ်အများစုရဲ့ သတ်မှတ်ခြင်းကို ခံထားရပြီး နယူးကာဆယ်နဲ့ ပွဲစဉ်မှာဆိုရင်လည်း မန်ချက်စတာ စီးတီးက ၂ဂိုးပြတ် ရှုံးနိမ့်နေရာကနေ ချေပဂိုးတွေကို ခပ်မြန်မြန် ပြန်လည် သွင်းယူပြရင်း သူတို့ကို အလွယ်တကူ အနိုင်မယူနိုင်ကြောင်း ထပ်မံ သက်သေပြသွားခဲ့ပါတယ်။

Photo Credit: Sports Max

နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းစ်ပါတ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီးက ပွဲရဲ့ အဖွင့်ဂိုးကို စောစောစီးစီး သွင်းယူနိုင်ခဲ့ပေမယ့် နယူးကာဆယ်ရဲ့ ပေါက်ကွဲအားနဲ့ လျင်မြန်တဲ့ တိုက်စစ်ဆင်မှုတွေကို မတားဆီးနိုင်ခဲ့တာကြောင့် ချေပဂိုးအပြင် နောက်ထပ် ဦးဆောင်ဂိုး ၂ဂိုးကိုပါ ထပ်မံ ခွင့်ပြုပေးခဲ့ရပါတယ်။

ဒါပေမယ့် ပွဲကစားချိန် ဒုတိယပိုင်း အရောက်မှာ မန်ချက်စတာ စီးတီးက နယူးကာဆယ်ဘက်ကို တိုက်စစ်ဆင် ကစားဖို့ထက် ပွဲကို ထိန်းချုပ်ကာ အပေးအယူတွေ ကနေ တဆင့် တိုက်စစ်ဆင်ဖို့ ပြောင်းလဲ ကြိုးပမ်းခဲ့ပြီး ဂွာဒီယိုလာရဲ့ နည်းစနစ် အပြောင်းအလဲကြောင့်ပဲ ဟာလန်းနဲ့ ဘာနာဒို ဆေးလ်ဗားတို့က မန်ချက်စတာ စီးတီး အတွက် အရေးပါတဲ့ ချေပဂိုးတွေကို အလွယ်တကူ သွင်းယူပေးနိုင်ခဲ့ကြပါတယ်။

Photo Credit: Sports Max

နယူးကာဆယ်နဲ့ တဖက် သုံးဂိုးစီ သရေရလဒ်သာ ရရှိခဲ့တာကြောင့် မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၃) အပြီးမှာ ၂ပွဲနိုင် ၊ ၁ပွဲသရေ ဆိုတဲ့ ရလဒ်နဲ့ အာဆင်နယ်ရဲ့နောက် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ရောက်ရှိနေခဲ့ပြီး ဂွာဒီယိုလာကတော့ နယူးကာဆယ်ကို အနိုင်မယူနိုင်ခဲ့တဲ့ အပေါ် စိတ်မပျက်နေပဲ နယူးကာဆယ်ဟာ ရင်ဆိုင်ရခက်တဲ့ အသင်း ဖြစ်နေပြီလို့ပါ ချီးကျူးသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “အက်ဒီဟောင်းက (နယူးကာဆယ်နည်းပြ) သူ့အလုပ်ကို အကောင်းဆုံး လုပ်ပြထားနိုင်ပါတယ်။ ခင်ဗျားတို့လည်း နယူးကာဆယ်ရဲ့ တိုးတက်လာမှုကို မြင်ကြရတာပဲလေ။ နယူးကာဆယ်က အသင်းကောင်း တသင်းရဲ့ လိုအပ်ချက်တွေ အားလုံးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့က မြန်တယ်။ ပြီးတော့ အရည်အသွေးလည်း ပြည့်ဝပါတယ်။ သူတို့က ကြံ့ခိုင်မှုအပိုင်း အားကိုးပြီးလည်း ကစားတတ်ပါတယ်။ ကျွန်တော်တို့က ပွဲကို အကောင်းဆုံး ပုံစံနဲ့ စတင်နိုင်ခဲ့ပေမယ့် နယူးကာဆယ်က အတော်လေးကို ခပ်မြန်မြန် တုံ့ပြန် ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပွဲကို ထိန်းချုပ် ကစားနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ နယူးကာဆယ်က ရင်ဆိုင်ရခက်တဲ့ အသင်းတသင်း ဖြစ်လာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့က အခွင့်အရေးတွေ အများကြီးကို ဖန်တီးပြီး ကျွန်တော်တို့ရဲ့ အရည်အသွေးကို သက်သေပြနိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။