ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဘက်ကို အနိုင်ဂိုး တဂိုး သွင်းနိုင်ခဲ့တဲ့ တပည့်ဟောင်း မက်ဆီရဲ့ ခြေစွမ်းကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ချန်ပီယံလိဂ် အုပ်စုA အတွင်းမှာ အတူတကွ ကျရောက်နေတာကြောင့် နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်း ရရှိတဲ့ အသင်းဟာ အုပ်စုဗိုလ်အဖြစ် နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပြီး ပြင်သစ်မြေမှာ ကစားခဲ့တဲ့ ပွဲစဉ်ဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပါတယ်။

Photo Credit: Football 365

ပီအက်စ်ဂျီအသင်းက မန်ချက်စတာ စီးတီးအသင်းကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ မန်ချက်စတာ စီးတီးအသင်းဟာ ပွဲကစားချိန် အများစုမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေရဲ့ အဆုံးသတ် ညံ့ဖျင်းမှု ၊ ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်မာရဲ့ အကောင်းဆုံး လက်စွမ်းတွေကြောင့် သွင်းဂိုး ရရှိခဲ့ခြင်း မရှိသလို ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ အမ်ဘာပေ ၊ နေမာနဲ့ မက်ဆီတို့ကိုလည်း ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။

ပီအက်စ်ဂျီအသင်း အတွက် အဖွင့်ဂိုးကိုတော့ ပွဲကစားချိန် ၈မိနစ်မှာတင် ကွင်းလယ်လူ ဂေးယီက သွင်းယူပေးခဲ့တာ ဖြစ်ပြီး အနိုင်သေချာစေမယ့် သွင်းဂိုးကိုတော့ ပွဲကစားချိန် ၇၄မိနစ်မှာ မက်ဆီက အမ်ဘာပေရဲ့ အသာအယာ ချပေးမှုကနေ တဆင့် အပြင်း ကန်သွင်းခဲ့တာပါ။ ပွဲအပြီးမှာတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက သူ့ရဲ့ တပည့်ဟောင်း မက်ဆီဟာ ထိန်းချုပ်ရ ခက်ခဲတဲ့ ကစားသမား ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံရင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Football 365

ဂွာဒီယိုလာက – “အနိုင်ရသွားတဲ့ ပီအက်စ်ဂျီအသင်းကို ဂုဏ်ပြုချင်ပါတယ်။ ကျွန်တော်တို့ နှစ်သင်းစလုံးက အရမ်းကောင်းတဲ့ ပွဲစဉ်တပွဲကို ကစားခဲ့ကြပြီး ကျွန်တော်တို့ရဲ့ ပုံစံကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ဒီပွဲက အတော်လေးကို ကောင်းပါတယ်။ ကျွန်တော်တို့ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့သင့်ပေမယ့် မသွင်းယူနိုင်ခဲ့တာကြောင့် ဒီပွဲကို ရှုံးခဲ့ရတာပါ။ မက်ဆီကို မိနစ် ၉၀လုံးလုံး ထိန်းချုပ် ကစားဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူက ခြွင်းချက်မရှိ အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်” လို့ ချီးကျူးလိုက်တာပါ။